Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ပြင်ဦးလွင်မြို့ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) မှ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၂၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇန်နဝါရီ ၁၇ ရက် ညနေပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)၌ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်အားထားရသည့် နည်းပညာရှင် လူငယ်ကောင်းများ ပေါ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ပြောင်းလဲတိုးတက်နေသော နည်းပညာအရွေ့နှင့်အတူ လိုက်ပါနိုင်ရေးအလေးထားဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဘာသာရပ်အလိုက်ကျောင်းသား၊ ကျောင်းသူများ၏ သုတေသန Project Show ကို ကြည့်ရှုအားပေးကာ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု သုတေသနစီမံကိန်းများဖြင့် ရှင်သန်သက်ဝင်လျက်ရှိသော သုတေသနအခြေပြု နည်းပညာတက္ကသိုလ်ဖြစ်စေရေး ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ပြည်တွင်း/ ပြည်ပနည်းပညာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မှာကြားသည်။

ဇန်နဝါရီ ၁၈ ရက် မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ကွန်ပျူတာတက္ကသိုလ် (မန္တလေး) သို့ရောက်ရှိပြီး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြသော ကျောင်းသား၊ ကျောင်းသူများကို ကြည့်ရှုအားပေးကာ စာကြည့်တိုက်နှင့် ကျောင်းဝင်းအတွင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် နည်းပညာတက္ကသိုလ် (ကျောက်ဆည်)သို့ ရောက်ရှိပြီး ဆောင်းရာသီ ဘောလုံးအားကစားပြိုင်ပွဲ လျှပ်စစ်စွမ်းအားအင်ဂျင် နီယာဌာနအသင်းနှင့် မြို့ပြအင်ဂျင်နီယာဌာနအသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေး၍ တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်ချက်တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဒုတိယဝန်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်သော ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့တက်ရောက်ပြီး သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားကြောင်း သိရသည်။

သတင်းစဉ်