Skip to main content

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း (၄၅) ကြိမ်မြောက် သွေးလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားတက်ရောက်

နေပြည်တော် ဇန်နဝါရီ ၂၀

(၄၅) ကြိမ်မြောက် သွေးလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် သူနာပြုတက္ကသိုလ် ရန်ကုန်၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆရာဝန်အသင်းတို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပြည်သူ့ဆေးရုံကြီးများမှ ပါမောက္ခများ၊ ဆေးရုံအုပ်ကြီးများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် စေတနာသွေးလှူရှင်ကြီးများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လူနာများသည် သွေးသွင်းရန်လိုအပ်သည့် အခြေအနေဖြစ်လာပါက မည်သည့်ဆေးဝါး၊ စက်ကိရိယာများကမှ ကူညီမှုမပြုနိုင်ဘဲ သွေးသွင်းခြင်းဖြင့်သာ ကူညီနိုင်ပါသောကြောင့် လူနာများအတွက် စဉ်ဆက်မပြတ်လှူဒါန်းပေးသော သွေးလှူရှင်ကြီးများ၏အခန်းကဏ္ဍသည် လွန်စွာအရေးကြီးသည့် ကူညီမှုဖြစ်ပါကြောင်း၊ ယင်းကဲ့သို့လှူဒါန်းမှုကြောင့် ၂၀၂၃ ခုနှစ်အတွင်း အမျိုးသားသွေးဌာနမှ ဆေးရုံများကို ဖြန့်ဝေပေးခဲ့သည့် ၉၃၃၈၅ ယူနစ်ရှိခဲ့ ပြီး လူနာများအနေဖြင့် ငွေကြေးကုန်ကျမှု၊ သွေးလှူရှင်ရှာဖွေရမှု စသည့်ပူပန်မှုများ လုံးဝမရှိရဘဲ လိုအပ်သည့်သွေးအမျိုးအစား၊ သွေးပစ္စည်းများကို ရရှိကုသမှုခံယူနိုင်ခဲ့ခြင်းမှာ စေတနာသွေးလှူရှင်ကြီး များ၏ပံ့ပိုးမှုကြောင့်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသားသွေးဌာနတစ်ခု၊ မန္တလေး၊ မကွေး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ တောင်ကြီး၊ ပုသိမ်၊ နေပြည်တော်တို့ရှိ ပြည်သူ့ဆေးရုံကြီးများတွင် တွဲဖက်ထားသည့် သွေးလှူဘဏ် ခုနစ်ခု၊ ခုတင် (၂၀၀) နှင့် ခုတင် (၁၀၀) ဆံ့ ဆေးရုံများတွင်လည်း ဓာတ်ခွဲခန်းနှင့် တွဲဖက်ဆောင်ရွက်နေသော သွေးဘဏ်များကို တိုးချဲ့ဖွဲ့စည်းထားပြီး Blood Management System (BMS) Software အား တပ်ဆင်အသုံးပြုလျက်ရှိပါကြောင်း၊ သွေးသွင်းကုသမှုဆောင်ရွက်ရာတွင် လူနာများ ဘေးကင်းလုံခြုံရေး (Blood Safety) အတွက် လည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများ အစားထိုးကုသရာတွင် သွေးပစ္စည်းများဖြင့် လူနာများကို အောင်မြင်စွာ ကုသမှုပြုနိုင်ခဲ့ပါကြောင်း၊ ယခုနှစ်မှာ အမျိုးသားသွေးဌာနတွင် အသစ်စတင်လှူဒါန်းခဲ့ကြသည့် သွေးလှူရှင် ၉၆၂၅ ဦး၊ စဉ်ဆက်မပြတ်လှူဒါန်းခဲ့ကြသည့် သွေးလှူရှင် ၂၉၈၆၆ ဦးရှိပါကြောင်း၊ သွေးလှူရှင်များ စဉ်ဆက်မပြတ်သွေးလှူဒါန်းနိုင်ရန် အစစအရာရာ စီစဉ်ပေးသည့် တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က လူမှုထူးချွန်တံဆိပ်ရရှိသော သွေးလှူရှင် စုစုပေါင်း ၁၆ ဦးကို ဂုဏ်ပြု မှတ်တမ်းလွှာ၊ ဂုဏ်ပြုငွေနှင့် အကြိမ် ၁၀၀ နှင့်အထက် သွေးလှူရှင်စုစုပေါင်း ၃၀ ကို ဂုဏ်ပြုတံဆိပ်နှင့်ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ကြသည်။ ထို့နောက် စဉ်ဆက်မပြတ် သွေးသွင်းကုသမှုခံယူပြီး ကျန်းမာလျက်ရှိကြသော ကလေးငယ်များက တေးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကလေးငယ်များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်သည်။

ယခုနှစ်ကျင်းပသည့် (၄၅) ကြိမ်မြောက် သွေးလှူရှင်များဂုဏ်ပြုပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏(၂၀၂၄) ခုနှစ် ဇန်နဝါရီ ၄ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၄) ဖြင့် သွေးအလှူရှင် ၁၀ ဦးအား လူမှုထူးချွန်တံဆိပ် (ပထမဆင့်) ကိုလည်းကောင်း၊ သွေးလှူရှင်တစ်ဦးအား လူမှုထူးချွန်တံဆိပ်(ဒုတိယဆင့်)ကိုလည်းကောင်း၊ သံဃာတော်တစ်ပါးအပါအဝင် သွေးလှူရှင်ငါးဦးအား လူမှုထူးချွန်တံဆိပ် (တတိယဆင့်) ကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး အကြိမ် ၁၀၀ နှင့်အထက် သွေးလှူရှင် ၁၄၅ ဦး၊ ၉၅ ကြိမ်မှ အကြိမ် ၄၀ နှင့်အထက် သွေးလှူရှင် ၂၄၉ တို့ စုစုပေါင်း ၃၉၄ ဦးကို ဂုဏ်ပြုခဲ့ကြသည်။

အဆိုပါသွေးလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သွေးလှူရှင် စုစုပေါင်း ၄၁၀ အတွက် အလှူငွေစုစုပေါင်း ၁၄၃ သိန်းလေးသောင်းကိုလည်းကောင်း၊ စေတနာရှင် အလှူရှင်များက အလှူငွေစုစုပေါင်း ၁၆၄ သိန်း ငါးသောင်းကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြသည်။ ၂၀၂၃ ခုနှစ်အတွင်း အမျိုးသားသွေးဌာနမှ ဆေးရုံများကို သွေးယူနစ်ပေါင်း ၉၃၃၈၅ ယူနစ် ဖြန့်ဝေပေးနိုင်ခဲ့သည့်အတွက် လူနာများအနေဖြင့် ငွေကြေးကုန်ကျမှု၊ သွေးလှူရှင်ရှာဖွေရမှုစသည့် ပူပန်မှုများလုံးဝမရှိဘဲ လိုအပ်သည့်သွေးအမျိုးအစား၊ သွေးပစ္စည်းများကို ရရှိကုသမှုခံယူနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်