နေပြည်တော် ဇန်နဝါရီ ၁၉
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အီဂျစ်အာရပ်သမ္မတ နိုင်ငံသံအမတ်ကြီး H.E. Mrs. Aya Saad Mohamed Abdelkarim ကို ယနေ့နံနက် ၁၀ နာရီခွဲတွင်လည်းကောင်း၊ ရုရှားနိုင်ငံသံအမတ်ကြီး H.E.Mr. Iskander Azizov ကို မွန်းလွဲ ၁ နာရီတွင်လည်းကောင်း နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အစည်းအဝေးခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။
အီဂျစ်အာရပ်သမ္မတနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံစဉ် ပြည်တွင်းဘဏ်များ၌ ငွေစာရင်းဖွင့်လှစ် ဆောင်ရွက်မှုအခြေအနေများနှင့် နိုင်ငံခြားသုံးငွေလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အလားတူ ရုရှားနိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့အကြား ကုန်သွယ်မှု ဆိုင်ရာငွေပေးချေမှုများ လျင်မြန်ချောမွေ့စေရေးအတွက် ငွေပေးချေမှုစနစ်များ ချိတ်ဆက်ဆောင်ရွက် နေမှုအခြေအနေနှင့် ကတ်စနစ်အပြန်အလှန်ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
သတင်းစဉ်