နေပြည်တော် ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ် ကျိုင်းတုံမြို့ အမှတ် (၄) အခြေခံ ပညာ အထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့်တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းသားကျောင်းသူလေးများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။ ထို့နောက် တိုင်းမှူးကအမှာ စကားပြောကြားပြီး ပညာရေးစုံညီပွဲတော်အတွက် ထောက်ပံ့ငွေများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အတန်းစဉ် ဆုရရှိကြသူများ၊ အင်္ဂလိပ်စာ၊ သင်္ချာပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အထိမ်း အမှတ်ကဗျာပြိုင်ပွဲတွင် ဆုရရှိကြသူများ၊ အာဇာနည်နေ့အထိမ်း အမှတ်ကဗျာ၊ ဆောင်းပါး၊ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ကဗျာပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသားကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ တိုင်းမှူးနှင့်တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများ၏ သီဆိုကပြ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး ပြခန်းများ အတွင်း ခင်းကျင်းပြသထားသည့် ပစ္စည်းများအား လှည့်လည်ကြည့်ရှုကြသည်။
ထို့ပြင် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ကျိုင်းတုံတက္ကသိုလ်၌ ပြုလုပ်သည့် (၁၇) နှစ်ပြည့် တက္ကသိုလ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဈေးရောင်းပွဲတော်ကို တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဈေးရောင်းပွဲတော်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်