Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၁၈

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ် ချောင်းကောက်ကျေးရွာသို့သွားရောက်၍ အောင်ကောင်းမြတ် လယ်ယာကုန်ထုတ်နှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းက ဆောင်ရွက်နေသော နှမ်းရိုးများ၊ နွားချေး၊ ဖွဲကြမ်း၊ ဖွဲနုတို့ကိုအသုံးပြုပြီး တင်လဲရည်၊ EM ဖျော်ရည်များဖြင့် သဘာဝမြေဩဇာများ ထုတ်လုပ်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မကွေးမြို့နယ် သံဘိုရွာသစ်ကျေးရွာသို့ရောက်ရှိရာ ကျေးရွာဘက်စုံသုံး ခန်းမ၌ ကျေးရွာကော်မတီဝင်များ၊ ဒေသခံတောင်သူများ၊ ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက စိတ်တူကိုယ်တူ ဆန္ဒတူသူ များစုပေါင်း၍ သမဝါယမအသင်းများဖွဲ့စည်းကာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားကုန်ထုတ်လုပ်ငန်းများ စုပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့်အရင်းအနှီးများ မတည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး ရေသန့်စင်စနစ်ဆောင်ရွက်ပြီးစီးမှု၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းစီမံကိန်း (RBF) ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် ခြံလှောင်စနစ်ဖြင့် စုပေါင်းနွားမွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး) သို့ရောက်ရှိပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ သင်တန်းကာလ နှစ်နှစ်ပြည့်မြောက်မည့် ကျောင်းသား ကျောင်းသူများအနေဖြင့် သတ်မှတ်အရည်အချင်းပြည့်မီပါက သမဝါယမကောလိပ်နှင့် တက္ကသိုလ်များသို့ ဆက်လက်ပေါင်းကူးတက်ရောက်နိုင်ကြောင်း၊ ကျန်ရှိသည့် ကျောင်းသား ကျောင်သူများကိုလည်း အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရုံးသို့ရောက်ရှိပြီး ဒေသတစ်ခုထုတ်ကုန်တစ်ခု One Region One Product အစီအစဉ်ဖြင့် လက်ရက်ကန်းတစ်လသင်တန်းသူများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းပြီးဆုံးပါက ကိုယ်ပိုင်လုပ်ငန်း ထူထောင်ဆောင်ရွက်နိုင်ရေးအတွက် လက်ရက်ကန်းစင်များ မတည်ပေးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားကာ တိုင်းဒေသကြီးအတွင်း အသေးစားကုန်ထုတ်လုပ်ငန်းရှင်များ၏ ဒေသထွက်ကုန်များ၊ အသက်မွေးဝမ်းကျောင်း သင်တန်းဆင်းသူများ၏ ထုတ်ကုန်များ၊ အထည်များ ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကွေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကျေးရွနှစ်ရွာ၊ အိမ်ခြေ ၁၆၅၀၊ လူဦးရေ ၆၇၈၆ ဦးတို့ကို အကျိုးပြု ပေးနိုင်မည့် မကွေး-ကံပြား-မြို့သစ်-နေပြည်တော် ကားလမ်းမကြီးမှ ဘုရားပြိုမြောက်ကျေးရွာနှင့် ဘုရားပြိုတောင်ကျေးရွာသို့ ဆက်သွယ်သောလမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးပြီး ကျေးရွာလမ်းကော်မတီဝင်များနှင့် ဒေသခံပြည်သူအားလုံးက လမ်းရေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်