Skip to main content

ကောင်းမွန်သောစီမံမှု လုပ်ထုံးလုပ်နည်းကျင့်သုံးရေးဆိုင်ရာလုပ်ငန်းကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၈

(ASEAN Economic Community–AEC) အေအီးစီ ၂၀၂၅ အတွက် အာဆီယံစီးပွားရေး အသိုက်အဝန်းဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော်ရေးကော်မတီက ဖွဲ့စည်းပေးထားသော “ကောင်းမွန်သောစီမံမှု လုပ်ထုံးလုပ်နည်း ကျင့်သုံးရေး (Good Regulatory Practice – GRP) ဆိုင်ရာလုပ်ငန်းကော်မတီ” ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်သူ့ဘဏ္ဍာ ရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ကျင်းပသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ကော်မတီအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက် ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အာဆီယံစီးပွားရေး အသိုက်အဝန်း လမ်းပြမြေပုံ (၂၀၂၅) တွင် ပါရှိသော လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီ (၂၂) ရပ်ကို သက်ဆိုင်ရာကဏ္ဍအလိုက် ဖွဲ့စည်းထားရှိရာ “ကောင်းမွန်သောစီမံမှု လုပ်ထုံးလုပ်နည်းကျင့်သုံးရေး (Good Regulatory Practice – GRP) ဆိုင်ရာ လုပ်ငန်းကော်မတီ” သည်လည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီအနေဖြင့်လည်း GRP ဆိုင်ရာ လုပ်ငန်းစီမံချက်အရ GRP ရည်မှန်းချက်များ ပြည့်မီအောင်ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းစီမံချက်ပါ အဓိကလုပ်ငန်းကြီး (၄)ရပ်တွင် ပြဋ္ဌာန်းဖော်ပြထားသည့် ဦးစားပေးနယ်ပယ်များနှင့် မဟာဗျူဟာများကို အချိန်နှင့်တစ်ပြေးညီ သတ်မှတ်အချိန်ကာလများအတိုင်း ဆောင်ရွက်သွားကြခြင်းဖြင့် နိုင်ငံအတွင်း Good Governance၊ e-Government၊ Stakeholders Engagement ကိစ္စရပ်များ တိုးတက်လာစေခြင်း၊ လုပ်ထုံးလုပ်နည်းများကြောင့် ဖြစ်ပေါ်လာရသော အခက်အခဲများကို လျှော့ချပေးကာ ပိုမိုကောင်းမွန်ပြီး ထိရောက်မှုရှိသော စီမံမှုလုပ်ထုံးလုပ်နည်းများနှင့် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးခြင်းဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန/ ဦးစီးဌာနများအလိုက် လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ ပိုမိုတိုးတက်ကောင်းမွန်လာ စေနိုင်သည့် အကျိုးရလဒ်ကောင်းများ ရရှိစေနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီ အဖွဲ့ဝင်ဌာနများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြကြပြီး ကော်မတီဝင်များ၏ အကြံပြုဆွေးနွေးမှုများအပေါ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက ပြန်လည်သုံးသပ်ဆွေးနွေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်