နေပြည်တော် ဇန်နဝါရီ ၁၈
ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။
အစည်းအဝေးတွင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဇန်နဝါရီလအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ကျင်းပသည့် အာရှ-ပစိဖိတ် ပူးတွဲအဖွဲ့ (Asia Pacific Joint Group- APJG) မျက်နှာချင်းဆိုင် အစည်းအဝေးသို့ တက်ရောက်ခဲ့မှု၊ ယင်းအစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့မှု၊ မြန်မာနိုင်ငံက အကောင်အထည်ဖော်ဆောင်ရွက်ရန်ကျန်ရှိနေသည့် အစီအမံ (Action Plan) ၁၀ ချက်အပေါ် APJG မှ အကဲဖြတ်သူများ၏ အကြံပြုချက်များနှင့်အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ချက်များကို အကဲဖြတ်သူများ အားလုံးခြုံငုံချိတ်ဆက် သိရှိစေရန်အတွက် ရှင်းလင်းဆွေးနွေးခဲ့မှုနှင့် သက်ဆိုင်ရာဌာနများအနေဖြင့် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်ရမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် လုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက Action Plan များအပေါ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အချက်များနှင့် သက်ဆိုင်ရာဌာနများအကြား ပူးပေါင်းဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးတင်ပြရာ သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အရာရှိကြီးများနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
သတင်းစဉ်