Skip to main content

ဘီးလင်းမြို့နှင့် သိမ်ဇရပ်မြို့တို့တွင် တပ်မတော်မှလက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူများ ဒဏ်ရာရရှိမှုရှိခဲ့ကြောင်းနှင့် ဘာသာရေးအဆောက်အဦ၊ လူနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၁၈

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာအနီးသို့ ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၈ နာရီအချိန်ခန့်က တပ်မတော်မှလက်နက်ကြီးပစ်ခတ်ခဲ့သည့်အတွက် ဘုန်းကြီးကျောင်းနှင့် စေတီတစ်ဆူ လက်နက်ကြီးစထိမှန်ခဲ့ကြောင်း ကောလာဟလ သတင်းတု၊ သတင်းမှားများကို အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဝင်းတာပန်ကျေးရွာအနီးရှိ လုံခြုံရေးစခန်းတစ်ခုအား လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများပူးပေါင်းအဖွဲ့မှ အဝေးမှလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများနေထိုင်ရာ ကျေးရွာအတွင်း ထိမှန်ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့ပြီး အဆောက်အဦအချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သက်ဆိုင်ရာနယ်မြေလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

အလားတူ မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့နယ်၊ သုံးခွကျေးရွာအတွင်း ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၆ နာရီခွဲ အချိန်ခန့်က တပ်မတော်မှလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေနေသည်ကိုတွေ့ရှိရပြီး သက်ဆိုင်ရာ နယ်မြေလုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ၁၆ ရက်နေ့တွင် သိမ်ဇရပ်မြို့နယ်အတွင်း ပစ်ခတ်မှု၊ တိုက်ပွဲဖြစ်ပွားမှုများ မရှိခဲ့ကြောင်း သိရှိရပါသည်။

အကြမ်းဖက်အားပေးမီဒီယာများအနေဖြင့် မြို့ရွာများ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူများမှ နယ်မြေဒေသလုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် သတင်းတု၊ သတင်းမှားများကို ရေးသားဖြန့်ဝေနေခြင်း ဖြစ်ကြောင်း သတင်းရရှိရသည်။