နေပြည်တော် ဇန်နဝါရီ ၁၈
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် စစ်တွေမြို့နယ်တို့တွင် ဇန်နဝါရီ ၁၇ ရက်နေ့၌ တပ်မတော်က လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းမှတိုက်ခိုက်ခြင်းတို့ကြောင့် ပြည်သူ ၁၀ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု ကောလာဟလသတင်းများကို အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်များနှင့်ပတ်သက်၍ မြေပြင်စုံစမ်းသိရှိရသောသတင်းများနှင့် ဒေသခံပြည်သူများထံမှ သိရှိရသောသတင်းများအရ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ကျောက်တော်မြို့နယ် လင့်ဇင်ရွာသစ် ကျေးရွာသို့ တပ်မတော်ကလက်နက်ကြီးများဖြင့်ပစ်ခတ်မှုမရှိကြောင်း၊ AA လက်နက်ကိုင် သောင်းကျန်းသူများပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
အလားတူ ဇန်နဝါရီ ၁၆ ရက်နေ့တွင် စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာတွင်လည်း AA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
နယ်မြေ တည်ငြိမ်အေးချမ်းလျက်ရှိသော ရခိုင်ပြည်နယ်အတွင်း AA သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံပြည်သူများ၏ လူနေမှုဘဝ ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။