Skip to main content

ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲပြုလုပ်

နေပြည်တော် ဇန်နဝါရီ ၁၇

အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများအား ဖျက်ဆီးစော်ကားမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိသည်။

ထိုသို့ ပြုလုပ်လျက်ရှိရာ ယနေ့တွင်လည်း မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ကန့်ကွက်ရှုတ်ချပွဲကို ပြုလုပ်ကြရာ သံဃာတော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြပြီး ခရိုင်ဘောလုံးကွင်းမှ မြို့တော်ခန်းမရှေ့သို့ ချီတက်စုဝေးကြကာ သံဃာတော်များနှင့် မျိုးချစ်ပြည်သူ ဦးဆောင်သူများက ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန် လုပ်ဆောင်နေမှုများကို ကန့်ကွက်ကြောင်း ဟောပြောကြသည်။

ထို့နောက် ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာကြသူများက “ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများနှင့် သာသနာဖျက်များအား (ဆန့်ကျင်ကြ)၊ ဗုဒ္ဓဘာသာကို စော်ကားဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများအား (ဆန့်ကျင်ကြ)၊ စေတီပုထိုးနှင့် လူမျိုးရေးခွဲခြား၊ သာသနာကို စော်ကားဖျက်ဆီးနေသူများအား (ဆန့်ကျင်ကြ)၊ သာသနာဖျက် အကြမ်းဖက်သမားများအား(အလိုမရှိ)၊ အကြမ်းဖက်အားပေးလောက်ကောင်များအား (အလိုမရှိ)၊ စေတီပုထိုး၊ ဆင်းတုတော်များကို ဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများ(ကျရှုံးပါစေ)၊ ဗုဒ္ဓသာသနာကို ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သမားများ(ကျရှုံးပါစေ)” စသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။