နေပြည်တော် ဇန်နဝါရီ ၁၆
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ ပါဝင်သည့် ဘုရားဖူးအဖွဲ့များ ယနေ့နံနက်ပိုင်းတွင် လာရောက်ဖူးမြော်ကြည်ညို ကြရာ အဆိုပါလာရောက်ဖူးမြော် ကြည်ညိုကြသူများ၏ စကားသံများ ကို ဖော်ပြလိုက်ရပါသည်။
ဦးကျော်စွာဝင်း (မကုဋရံသီဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းတာဝန်ခံဂေါပက)
ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ မော်တင်စွန်းဒေသကနေ ဒီမာရဝိဇယဘုရားကြီးဆီကို လာရောက်ပြီးတော့ ဖူးမြော်တာဖြစ်ပါတယ်။ အရင်ကတော့ တစ်ခါမှလာရောက်ဖူးမြော်ဖူးခြင်း မရှိပါဘူး။ ဒီမာရဝိဇယ ထိုင်တော်မူကျောက်စစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး စတင်တည်ထားကိုးကွယ် စဉ် အခါကတည်းက ကျွန်တော် တို့ကိုယ်တိုင်လာရောက်ဖူးမြော် ချင်နေတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ လာရောက်ဖူးမြော်ချင်တဲ့ ဆန္ဒတွေလည်း ပြည့်မြောက်သွားပြီဖြစ်ပါတယ်။ ကျွန်တော်တို့ ဂေါပကအဖွဲ့ ဆိုရင် အခုလာရောက်ဖူးမြော်တာ Express ကားကြီးနှစ်စီးနဲ့ ဖြစ်ပါ တယ်။ အခု ဒီရောက်ပြီးတော့မှ ကျွန်တော်တို့ သိလိုက်ရတာကတော့ ဒီလိုကြည်ညိုဖူးမြော်နိုင် အောင်လို့ နိုင်ငံတော်ဝန်ကြီးချုပ်ပေါ့နော် နိုင်ငံတော်အကြီးအကဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကနေ ဒီလိုမျိုးဘုရားအဆူဆူ၊ စေတီတော်တွေက ဂေါပကအဖွဲ့ဝင်တွေကို လာရောက်ကြည်ညိုနိုင်အောင်၊ ပြီးတော့မိမိတို့ဒေသမှာရှိတဲ့ ဘုရားစေတီတော်တွေကို ဘယ်လိုပြုပြင်ထိန်းသိမ်းရမယ်၊ ဘယ်လို ဆောင်ရွက်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့လာရောက်ပြီးတော့ ဖူးမြော်ကြည်ညိုနိုင်အောင် စီစဉ်ပေးတာလို့သိရတဲ့အတွက် အထူးလည်းဝမ်းသာပီတိ ဖြစ်မိပါတယ်။ တစ်ခါမှလည်းမဖူးမြော်ရသေးတဲ့ ဒီမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ကျွန်တော်တို့မော်တင်စွန်း ဂေါပကအဖွဲ့ကိုယ်စား ကျွန်တော်တို့လေးဦး လာရောက်ဖူးမြော်ရသလို အခြားဧရာဝတီတိုင်းဒေသ ကြီးအတွင်းမှာရှိတဲ့ တန်ခိုးကြီးစေတီတော်မြတ်တွေရဲ့ ဂေါပကအဖွဲ့ဝင်တွေအားလုံးလည်း ကျွန်တော့်လိုမျိုး ခံစားကြနိုင်မယ် လို့ထင်ပါတယ်။
ဦးနိုင်ရဲဝင်း
(တိလောကဥသျှောင် ရှင်သာလျောင်းဘုရားကြီး ဂေါပကအဖွဲ့ဝင်)
ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး ဟင်္သတမြို့နယ် တိလောကဥသျှောင် ရှင်သာ လျောင်းဘုရားကြီးက လာရောက်ဖူးမြော်တာဖြစ်ပါတယ်။ ဒီမာရဝိဇယဘုရားကြီးကို အဝေး ကြီးကနေမြင်ပြီး စတင်ဖူးမြော်ရကတည်းက စိတ်ထဲမှာ အလွန်ပဲဝမ်းသာပီတိ ဖြစ်မိပါတယ်။ အခုလိုအနီးကပ်ဖူးမြော်ခွင့်ရလိုက်တဲ့အခါ ရင်ထဲမှာပီတိဖြစ်ပြီးဝမ်းနည်း၊ ဝမ်းသာတောင်ဖြစ်မိပါတယ်။ ကျွန်တော့်အနေနဲ့ ဒီမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ယခုလို ကိုယ်တိုင်ကိုယ်ကျ အနီးကပ်ဖူးမြော်ရပြီး ဒီမှာရှိတဲ့ တာဝန်ရှိသူများက မာရဝိဇယဘုရားကြီး တည်ထားကိုးကွယ် ပုံအဆင့်ဆင့်ကို လိုက်လံရှင်းပြတဲ့ အခါမှာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဒီလိုမျိုးထူးကဲတဲ့ဘုရားကြီး ရှိတယ်ဆိုပြီး ကျွန်တော့်အနေနဲ့ ဝမ်းသာဂုဏ်ယူမိပါတယ်။ နောက် ပြီး ဘုရားကြီးကို နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်မှုနဲ့ ကမ္ဘာမှာ မြန်မာဟေ့ဆိုပြီး ဗုဒ္ဓဘာသာ အတွက်သမိုင်းတစ်ခု ထူထောင် နိုင်တဲ့အတွက်လည်း ဝမ်းသာ ဂုဏ်ယူမိပါတယ်ခင်ဗျာ။ ဒီဘုရား ကြီးစပြီးဖူးတဲ့အခါမှာ ခေတ်အဆက်ဆက်က မြန်မာမှုတွေကိုလည်း အများကြီးလေ့လာတွေ့ရှိရတယ်။ ကမ္ဘာကိုရင်ပေါင်တန်းနိုင်တဲ့ သိပ္ပံပညာတို့၊ နည်းပညာတို့ အဲဒါတွေကိုလည်းတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာလူမျိုးဖြစ်ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ နောက်ပြီး မြန်မာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်တွေကို မပျောက်ကွယ်အောင် ထိန်းသိမ်းဖို့အတွက် ကျွန်တော်တို့ မြန်မာလူမျိုး အားလုံးအားလုံးတိုင်းမှာ တာဝန်ရှိတယ်လို့ ကျွန်တော့အနေနဲ့ ပြောချင်ပါတယ်။
ဦးသိန်းအောင် (ရှင်ပင်ချမ်းသာ ကြီးဘုရား ဂေါပကဥက္ကဋ္ဌ)
ကျွန်တော်ကတော့ ဧရာဝတီ တိုင်းဒေသကြီး အိမ်မဲမြို့နယ်က တန်ခိုးကြီး ရှင်ပင်ချမ်းသာကြီး ရုပ်ရှင်တော်မြတ်ကြီးကနေ ဒီမာရဝိဇယဘုရားကြီးကို လာရောက် ဖူးမြော်တာဖြစ်ပါတယ်။ ပထမ တစ်ခေါက်ကရော အခုဒုတိယအကြိမ် လာရောက်ဖူးမြော်ခွင့်ရတဲ့ အခါမှာလည်း ထပ်တူခံစားမိပါတယ်။ ယနေ့ လာရောက်ဖူးမြော်ရတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်၊ ဧရာဝတီတိုင်းဒေသကြီး တိုင်းမှူးရဲ့ညွှန်ကြားချက်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်နဲ့အညီ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီး ၂၆ မြို့နယ်မှာရှိတဲ့ ဘုရားစေတီဂေါပကအဖွဲ့ဝင်များအားလုံးကို ဒီမာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်နိုင်ရေးအတွက် စီစဉ်ပေးတဲ့အတွက် ကျွန်တော်တို့ လာရောက်ဖူးမြော်ကြတာဖြစ်ပါတယ်။ ပြီးတော့မြို့သူမြို့သား၊ နယ်သူနယ်သားအပေါင်းတို့ကိုလည်း နေပြည်တော်မှာရှိတဲ့ ဒီဘုရားကြီးနဲ့ပတ်သက်လို့ ကြည်နူးဝမ်းမြောက်စရာများရှိတဲ့အကြောင်းကိုလည်း ပြန်လည်ပြောပြပေးသွားမှာပါ။ နဂါးရုံဘုရားနဲ့ပတ်သက်ပြီး အများအားဖြင့် နဂါးရုံရဲ့အပေါ်မှာပဲတည်ထားတာတွေ့ဖူးပြီး ဒီမာရဝိဇယဘုရားကြီးမှာရှိတဲ့ နဂါးရုံဘုရားဟာဆိုရင် ဘုရားကိုယ်တော်မြတ်ကြီးကို ပါဠိကျမ်းဂန်နဲ့အညီ ဆောင်ရွက်တယ်လို့ သိရတဲ့အတွက်ထူးဆန်းမှု တစ်ခုဖြစ်ပါတယ်။ ကျောက်စာ ပေါင်းများစွာကိုလည်း တွေ့ရတဲ့အတွက် ဗုဒ္ဓဘာသာထွန်းကား ရေးအတွက်ကို ဒီလောက်ဆောင် ရွက်ထားတဲ့အတွက်များစွာ ဝမ်းသာဂုဏ်ယူမိပါတယ်။
ဦးမောင်မောင် (တိလောကဥသျှောင် ရှင်သာလျောင်းဘုရား ကြီး ဂေါပကအဖွဲ့ဒုတိယဥက္ကဋ္ဌ)
ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် တိလောကဥသျှောင် ရှင်သာလျောင်း ဘုရားကြီးကနေ လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။ အခုလို ဒီမာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို ကိုယ်တိုင်ကိုယ်ကျလာရောက်ဖူးမြော်ခွင့် ရတဲ့အတွက် အင်မတန်ပျော်ပါတယ်။ အရင်ကတည်းက လာရောက်ဖူးမြော်ချင်ခဲ့တာပါ။ အခုလို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်အစီအစဉ်နဲ့ ပထမဦးဆုံးအကြိမ် လာရောက်ဖူးမြော်ခွင့် ရခြင်းဖြစ်ပါတယ်။ ဒီရောက်တော့လည်း ဘုရားကြီးကိုဖူးမြော်ရတာ အားလုံးအံ့မခန်းဖြစ်မိပါတယ်။ ဘယ်ကို ကြည့်ကြည့်မြန်မာမှု လက်ရာတွေနဲ့ အပြည့်ဖြစ်နေတာကို တွေ့ရတဲ့အခါမှာ ဘုရားကြီးကို အခုလိုလာရောက်ဖူးမြော်ရတာ အင်မတန်မှတန်ဖိုးရှိလှပါတယ်။ ဒီဘုရားကြီးကိုတည်ထား ကိုးကွယ်နိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးတဲ့ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့တကွ တာဝန်ရှိသူအားလုံးရယ်၊ ပြီးတော့ ရှင်းလင်း ဆောင်မှာ ဘုရားကြီးရဲ့သမိုင်းအား ရက်ပေါင်းတစ်ထောင်ကျော် တည်ဆောက်ခဲ့ပုံအဆင့်ဆင့်ကို ရှင်းပြတဲ့အခါ ဘုရားကြီးနဲ့ ပတ်သက်ပြီး သိရသည်မှာ တော်တော်ကြီးကို အံ့မခန်းဖြစ်မိ ပါတယ်။ ဒီဘုရားကြီးနဲ့ပတ်သက်ပြီး ကမ္ဘာမှာမြန်မာအနေနဲ့ ဂုဏ်ယူဝင့်ကြွားလို့ ရတာပေါ့။ ဘယ်နိုင်ငံခြားပညာရှင်မှမပါဘဲ မြန်မာအင်ဂျင်နီယာပညာရှင်တွေနဲ့ပဲ စုပေါင်းလုပ်ကိုင် တည်ထားတဲ့ ဒီဘုရားကြီးဟာ အင်မတန်အံ့မခန်းလောက်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီဘုရားကြီးကို လာရောက်ဖူးမြော်တဲ့နေရာမှာ အင်မတန်ဝေးတဲ့အတွက် တစ်ရက်ဆိုတဲ့အချိန်ဟာ အင်မတန် နည်းပါတယ်။ ကျွန်တော့်အနေနဲ့ နောက်တစ်ခေါက် မိသားစုစုံစုံလင်လင်နဲ့ အေးအေးဆေးဆေး အချိန်ပေးပြီး လာရောက်ဖူးမြော် ချင်ပါသေးတယ်။
သတင်းစဉ်