Skip to main content

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၆

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲအား ဇန်နဝါရီ ၉ ရက်မှ ၁၈ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အားကစားရုံတို့တွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်ပြီး အဋ္ဌမနေ့ပွဲစဉ်များအဖြစ် သက်ဆိုင်ရာအားကစားနည်းများအလိုက် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံ တွင် နံနက်ပိုင်းမှစတင်၍ ယှဉ်ပြိုင်ကစားကြရာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများ၊ အုပ်ချုပ်သူ၊ နည်းပြ များနှင့်တက္ကသိုလ် ကျောင်းသားကျောင်းသူများ ကြည့်ရှုအားပေးကြသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အမျိုးသမီးဘော်လီဘောပွဲစဉ်မှ အကောင်းဆုံးစပေးဘောဆုကို မနန်းချိုဇင်ထွေးစံ (ပုသိမ်ဇုန်အသင်း)၊ အကောင်းဆုံးဆယ်မဆုကို မအိမ့် မြတ်ဖြိုးကျော် (ဒဂုံဇုန်အသင်း)၊ အကောင်းဆုံး ပင့်ထောင်ဆုကို မလင်းလက်လှိုင်(မြစ်ကြီးနားဇုန် အသင်း)၊ အကောင်းဆုံးရိုက်ခုတ်ဆုကိုမထွေးပို (မော်လမြိုင်ဇုန် အသင်း)၊ အကောင်းဆုံး ပိတ်ဆို့ဆုကို မနန်းထွေးအိလှိုင် (မော်လမြိုင်ဇုန်အသင်း)၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အမျိုးသမီးဘော်လီဘော အားကစားသမား ဆုကို ကျောနံပါတ် ၅ မရှယ်လီဆာ (မြစ်ကြီးနားဇုန်အသင်း)က ရရှိကြပြီး အမျိုးသမီးအသင်းလိုက် ပြိုင်ပွဲတွင် ပုသိမ်ဇုန်အသင်းက တတိယ၊ မော်လမြိုင်ဇုန်အသင်းက ဒုတိယ၊ မြစ်ကြီးနားဇုန်အသင်း က ပထမဆုကိုလည်းကောင်း၊ အမျိုးသားဘော်လီဘောပွဲစဉ်မှ အကောင်းဆုံးစပေးဘောဆုကို မောင်မင်းသွေးခန့် (မော်လမြိုင် ဇုန်အသင်း)၊ အကောင်းဆုံးဆယ်မ ဆုကို မောင်ပြည့်စုံ (မကွေးဇုန် အသင်း)၊ အကောင်းဆုံးပင့်ထောင် ဆုကို မောင်လွင်အောင်ကို(ပုသိမ် ဇုန်အသင်း)၊ အကောင်းဆုံး ရိုက်ခုတ်ဆုကို မောင်သက်ထူးအောင်(မြစ်ကြီးနားဇုန်အသင်း)၊ အကောင်းဆုံး ပိတ်ဆို့ဆုကို တီတီလေး (မြစ်ကြီးနားဇုန်အသင်း)၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အမျိုးသား ဘော်လီဘော အားကစားသမားဆုကို စောဟေပွဲ စိုး(ပုသိမ်ဇုန်အသင်း) က ရရှိကြပြီး အမျိုသားအသင်းလိုက်ပြိုင်ပွဲတွင် မော်လမြိုင်ဇုန်အသင်းက တတိယ၊ မြစ်ကြီးနားဇုန်အသင်းက ဒုတိယ၊ ပုသိမ်ဇုန်အသင်းက ပထမဆုကိုလည်းကောင်း ရရှိသည်။

ဆုများကို အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဆန်းဝင်း၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ လေ့လာဆန်းစစ်အကဲဖြတ်ရေး ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ဆွေထွန်း၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းတို့က ပေးအပ်ချီးမြှင့်ပြီး ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က အမျိုးသမီးတံခွန်စိုက်ဆုဖလားရရှိသည့် မြစ်ကြီးနားဇုန်အသင်းနှင့် အမျိုးသားတံခွန်စိုက်ဆု ဖလားရရှိသည့် ပုသိမ်ဇုန်အသင်းတို့ကို တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်သည်။

တက္ကသိုလ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲ ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့ရုံတွင် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး တက္ကသိုလ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၃) တွင် မော်လမြိုင်ဇုန်အသင်းနှင့် ပုသိမ်ဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မော်လမြိုင်ဇုန်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိ၍ ဗိုလ်လုပွဲ တက်ရောက်သွားပြီး ညနေပိုင်းတွင် ဒဂုံဇုန်အသင်းနှင့် မြစ်ကြီးနားဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြစ်ကြီးနားဇုန်အသင်းက ဒဂုံဇုန်အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိ၍ ဗိုလ်လုပွဲသို့တက်ရောက်သွားပြီ ဖြစ်သည်။ တတိယနေရာလုပွဲကို ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)နှင့် ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပသွားကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်