ရန်ကုန် ဇန်နဝါရီ ၁၆
မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု အထိမ်းအမှတ်အနေဖြင့်ကျင်းပသည့် နှလုံးသားမှပိုးလမ်းမ Care for the Future လှူဒါန်းမှုအစီအစဉ်နှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးယဉ်ကျေးမှုနှင့် ပညာရေးဖလှယ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမကြီးရှိ Myanmar Sports Hotel ဝင်းအတွင်း ရှိ MIEC ကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် China Foundation for Peace and Development အတွင်းရေးမှူး မစ္စတာ ရွှီးကျင့်ဂေါ်နှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း နာယက၊ ပြည်ထောင်စုစာရင်း စစ်ချုပ် (ငြိမ်း) ဦးတင်ဦးတို့က အဖွင့်အမှာစကား ပြောကြားကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ အတိုင်ပင်ခံမစ္စစ်ရှောင်လီက မြန်မာ - တရုတ် ချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်မှုအကြောင်းကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူး ဒေါ်ချိုချိုမြတ်အောင်က ပညာရေးပူးပေါင်းဆောင်ရွက်မှုအကြောင်းကိုလည်းကောင်း၊ နေအုပ်ဖောင်ဒေးရှင်းဥက္ကဋ္ဌဦးနေအုပ်က လူမှုရေး ပူးပေါင်းဆောင်ရွက်မှုအကြောင်း ကိုလည်းကောင်း ဆွေးနွေးပြောကြားကြသည်။
ယင်းနောက် China Foundation for Peace and Development နှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း၏ကိုယ်စား အတွင်း ရေးမှူး မစ္စတာ ရွှီးကျင့်ဂေါ်က ရန်ကုန်မြို့ လေ့ကျင့်ရေး အလယ်တန်းကျောင်း (ရန်ကင်း) အတွက် စာရေးကိရိယာများ၊ LED မီးလုံးများ၊ အားကစားပစ္စည်းနှင့် ဆွေမျိုးပေါက်ဖော် မဂ္ဂဇင်းတို့ အတွက် အသုံးပြုနိုင်ရန် စုစုပေါင်း တန်ဖိုး အလှူငွေကျပ်သိန်း ၁၀၀ တန်ဖိုးရှိပစ္စည်းများကို တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းပြီး တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း၏ Senior President ဖြစ်သူ ဦးသစ္စာ(ခ)Mr.LiBoBo က ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြု မှတ်တမ်းများပေးအပ်ပြီး တာဝန်ရှိသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
၂၀၂၄ ခုနှစ်သည် တရုတ်- အာဆီယံယဉ်ကျေးမှုဖလှယ်ရေးနှစ်ဖြစ်ပြီး တရုတ် - မြန်မာ နှစ်နိုင်ငံအကြား ပညာရေး၊ ပြည်သူအချင်းချင်း ယဉ်ကျေးမှုဖလှယ်မှု၊ ပူပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်း လာစေရန်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးစဉ်ဆက်မပြတ် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးကိုမြှင့်တင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်