မုံရွာ ဇန်နဝါရီ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမင်းနောင်၊ ဦးမင်းသိန်းဇံ၊ Jeng Phang နော်တောင်၊ ဒေါက်တာသက်သက်ခိုင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဝန်ကြီးဦးဝင်းဖေနှင့် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၌ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု (ဗဟို) နာယက ဦးလှထွန်းတို့က ၂၀၂၄ ခုနှစ် နာဂ ရိုးရာနှစ်သစ်ကူး ကွင်းဝင်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ရိုးရာဆုတောင်းတိုင်စိုက်ထူ
ယင်းနောက် နာဂရိုးရာတိုင်းရင်းသားများက ရိုးရာကွင်းအတွင်း ရိုးရာတံခွန်တိုင်အား စိုက်ထူကြပြီး ရိုးရာဆုတောင်းတိုင်အား နာဂရိုးရာပန်တုံးအဆောက် အဦရှေ့တွင် စိုက်ထူကာ ဒေသခံတိုင်းရင်းသားများနှင့်အတူ ရိုးရာပန်တုံးအား တီးခတ်ကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများ သည် ၂၀၂၄ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်အလံအားအလေးပြုကြပြီး အခမ်းအနားသဘာပတိက နှစ်သစ်နှုတ်ခွန်းဆက်စကားပြောကြားသည်။
လက်တွဲညီညီကျော်လွှား
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက နာဂဒေသသည် တည်ငြိမ်အေးချမ်းသည့် ဒေသဖြစ်သည့်အတွက် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နာဂဒေသအတွင်းရှိ လဟယ်၊ လေရှီး၊ နန်းယွန်းမြို့နယ်တို့တွင် နှစ်စဉ် အလှည့်ကျကျင်းပပြုလုပ်နိုင်ခဲ့ပြီး ယခုနှစ် လေရှီးမြို့တွင် အနယ်နယ်အရပ်ရပ်မှ နာဂတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ လာရောက်ဆုံစည်းကာ ပျော်ရွှင်စွာ ကျင်းပနိုင်သည်ကို တွေ့မြင်ရကြောင်း၊ နာဂတိုင်းရင်းသား မျိုးနွယ်စုများ၏ ရိုးရာဓလေ့ထုံးတမ်းများနှင့် ရိုးရာမြေဝိုင်း အကပဒေသာမျိုးစုံအားတွေ့မြင်ရပြီး ချစ်ကြည်ရင်းနှီးခွင့် ပိုမိုရရှိသည့်အတွက် ဝမ်းသာမဆုံးဖြစ်ရပါကြောင်း၊ နာဂတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းစောင့်ရှောက်ပြီး တိုင်းရင်းသားအချင်းချင်း ရင်းနှီးချစ်ကြည်ခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့အား အခြေခံသည့်ပြည်ထောင်စုစိတ်ဓာတ်အရင်းခံ၍ စုပေါင်းဆောင်ရွက်ခြင်းဖြင့် တွေ့ကြုံရမည့် အခက်အခဲဟူသမျှကို လက်တွဲညီညီ ကျော်လွှားသွားကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားဒေသများ အပါအဝင်တစ်နိုင်ငံလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာ နာဂတိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့် အခွင့်အရေးကို အမိအရရယူပြီး အပြည့်အဝအသုံးချ၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
ဘက်စုံတိုးတက်အောင်ဆောင်ရွက်
နာဂဒေသအတွင်း ကျန်းမာ ရေးနှင့်စပ်လျဉ်း၍ ဆေးကုသမှုအပြင် ကျန်းမာရေးအသိပညာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ တိုးချဲ့ကာကွယ်ဆေးထိုးခြင်း၊ ကလေးသူငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကျန်းမာရေးနှင့်လျော်ညီသည့် နေထိုင်သွားလာစားသောက်မှုပုံစံတို့ စနစ်တကျရှိစေရေးဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးစသည့် ကဏ္ဍများ၌ လာရောက်တာဝန်ထမ်း ဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ နာဂဒေသအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံအချက်များဖြစ်သည့် မျိုးကောင်းမျိုးသန့်များရရှိရေး၊ စိုက်ပျိုးမြေကောင်းမွန်ရေး၊ စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးနှင့် စိုက်နည်းစနစ် မှန်ကန်မှုရှိစေရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး မြေဆီလွှာဆုံးရှုံးမှုများပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုဖြစ်ပေါ်စေသည့် ရွှေ့ပြောင်းတောင်ယာစနစ်ကို လျှော့ချ၍ ရေရှည်တည်တံ့သည့် စိုက်ပျိုးရေးနည်းစနစ်ဖြစ်သည့် ခေတ်မီလှေကားထစ် လယ်ယာစနစ်ကို လုပ်ကိုင်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
နာဂဒေသအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအပြင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုန်ကြမ်းသွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်များ ပြည့်စုံစေရေးဆောင်ရွက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ရန်ပုံငွေမှ ချေးငွေများရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသခံပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသအတွင်း စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများကို ဒေသတစ်ခု ထုတ်ကုန်တစ်ခုဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရန်နှင့် ရိုးရာချည်ထည်လုပ်ငန်းများ စနစ်တကျ တိုးမြှင့်ထုတ်လုပ်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော်မှသည် တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေးကို ဆက်လက်ဆောင်ရွက်၍ နိုင်ငံတော်သစ်ကို ပြည် ထောင်စု တိုင်းရင်းသားအားလုံးနှင့်အတူ လက်တွဲညီညီ ချီတက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နှစ်သစ်အမှာစကား ပြောကြားပြီး နာဂတိုင်းရင်းသူတစ်ဦးက နာဂရိုးရာနှစ်သစ်ကူးပွဲတော်ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းအား ဖတ်ကြားရှင်းလင်းတင်ပြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးထံ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု (ဗဟို)ကော်မတီနာယက ဦးရူစံကြူးက နှစ်သစ်ကူး အမှတ်တရလက်ဆောင်ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ဒေသဖွံ့ဖြိုးရေး ပစ္စည်းများကို ထောက်ပံ့ပေးအပ်ပြီး သဘာပတိက နိဂုံးချုပ်စကားပြောကြားကာ နာဂနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ကြည့်ရှုအားပေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြညထောင်စုဝန်ကြီး၊ တာဝန်ရှိသူများက ရိုးရာပြခန်းများနှင့် ဌာနဆိုင်ရာပြခန်းများကို လိုက်လံ ကြည့်ရှုအားပေးသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများသည် လေရှီးမြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ဆေးရုံဝန်ထမ်းများ အတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်၍ ဆေးကုသမှုခံယူနေကြသော ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ တာဝန်ရှိသူများနှင့် အတူ အာဟာရဖြည့်စွက်စာများ ပေးအပ်သည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများသည် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းနှင့် လေရှီးမြို့နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းသားကျောင်းသူများ အိပ်ဆောင်၊ စားဆောင်နှင့် စာကြည့်တိုက်တို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတို့မှဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ၊ သင်တန်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။
ထောက်ပံ့ပေးအပ်
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန္တီးခရိုင်နှင့် ဟုမ္မလင်းမြို့နယ်များရှိ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။
ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများသည် ၂၀၂၄ ခုနှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော် မီးပုံပွဲအခမ်း အနားသို့ တက်ရောက်သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ လေရှီးမြို့နယ်၊ နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌဦးစံမြတို့က မီးပုံပွဲအား မီးထွန်းညှိ ဖွင့်လှစ်ပေးကြပြီး နှစ်သစ်ကူးအထိမ်းအမှတ် မီးရှူးမီးပန်းများ ဂုဏ်ပြုပစ်ဖောက်ကြသည်။
ယင်းနောက် နာဂရိုးရာမျိုးနွယ်စုများအလိုက် ရိုးရာအကများဖြင့် ကပြဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးကြပြီး ကပြဖျော်ဖြေပေးခဲ့ကြသော ရိုးရာအကအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ မီးပုံပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ဇန်နဝါရီ ၁၄ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများသည် ၂၀၂၄ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲများအဖြစ် ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ၊ ရိုးရာထင်းခုတ်ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ ရိုးရာနပန်းပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးပြီး တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
