Skip to main content

City Taxi ယာဉ်များ ဘေးနှစ်ဖက်ကိုယ်ထည် အဝါရောင်လိုင်း Sticker တပ်ဆင်မှု ၈၆ ရာခိုင်နှုန်းပြီးစီး

ရန်ကုန် ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင်ဆောင်ပြေးဆွဲလျက်ရှိသည့် City Taxi ယာဉ်များ ဘေးနှစ်ဖက်ကိုယ်ထည်တွင် အဝါရောင်လိုင်း Sticker တပ်ဆင်ရန်ညွှန်ကြားထားရာ ဇန်နဝါရီ ၁၅ ရက်အထိ စာရင်းများအရ အဝါရောင်လိုင်း Sticker တပ်ဆင်ပြီးစီးမှု ၈၆ ရာခိုင်နှုန်းတပ်ဆင်ပြီးစီးနေပြီဖြစ်ပြီး ခန့်မှန်းယာဉ်အစီးရေ ၅၀၀၀၀ အထိရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC)မှ သိရသည်။

City Taxi ယာဉ်များအား အခြားသောယာဉ်များနှင့် ကွဲကွဲပြားပြား၊ ထင်သာမြင်သာရှိစေရန်၊ လုံခြုံမှုရှိစေရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန်နှင့် နိုင်ငံတကာ Taxi ယာဉ်များနည်းတူ “City Taxi ယာဉ်များဘေးနှစ်ဖက် ကိုယ်ထည်တွင် အဝါရောင်လိုင်း ထည့်သွင်းသတ်မှတ်ရန်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် Taxi ယာဉ်များအားလုံး အကျုံးဝင်ဆောင်ရွက်သွားရန်” ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃၅/၂၀၂၃) ဆုံးဖြတ်ချက်အပိုဒ် -၇(က) အရ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ City Taxi ယာဉ်များတွင် အဝါရောင်ဘေး Sticker ကပ်ခြင်း လုပ်ငန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ယခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ ရန်ကုန်တက္ကစီမှတ်ပုံတင် အစီးရေ ၅၈၄၈၁ စီးရှိကြောင်းသိရသည်။ YRTC ၏ သုတေသန စစ်တမ်းများအရ City Taxi ယာဉ်များ ဘေးနှစ်ဖက်ကိုယ်ထည်တွင် အဝါရောင်လိုင်း Sticker တပ်ဆင်ပြီးစီးမှု ၈၆ ရာခိုင်နှုန်းတပ်ဆင် ပြီးစီးနေပြီဖြစ်ပြီး ခန့်မှန်းယာဉ် အစီးရေ ၅၀၀၀၀ အထိတပ်ဆင် ပြီးစီးပြီဖြစ်သည်။ အဝါရောင်လိုင်း Sticker တပ်ဆင်ရန်ကျန်ရှိမှု ၁၄ ရာခိုင်နှုန်း၊ တက္ကစီအစီးရေ ၈၀၀၀ ခန့် တပ်ဆင်ရန်ကျန်ရှိ နေသေးကြောင်းသိရသည်။ နယ်အသီးသီးမှ တက္ကစီယာဉ်များလည်း ရန်ကုန်စီးတီးတက္ကစီများ နည်းတူ City Taxi ယာဉ်များ၏ ဘေးနှစ်ဖက်ကိုယ်ထည်တွင် အဝါရောင်လိုင်း Sticker တပ်ဆင် ရမည်ဖြစ်ကြောင်း YRTC မှ ထုတ်ပြန်ထားချက်အရ သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် အဝါရောင်လိုင်း Sticker တပ်ဆင် ရန်ကျန်ရှိသော City Taxi ယာဉ် များအားလုံး ယခုနှစ် ဇန်နဝါရီ ၃၁ ရက် နောက်ဆုံးထားတပ်ဆင်ရန်နှင့် တပ်ဆင်ခြင်းမရှိပါက လာမည့်ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၉၆ အရ စစ်ဆေးအရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ အသိပေးထုတ်ပြန်ထားချက် အရ သိရသည်။

ပွင့်သစ္စာ