နေပြည်တော် ဇန်နဝါရီ ၁၅
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်ဦးစီးသည့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန် ယနေ့တွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာသို့ ရောက်ရှိကြပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ကြသည်။
ကျန်းမာရေးစောင့်ရှောက်မှုပေး
ထိုသို့ ဆောင်ရွက်ရာတွင် နေပြည်တော်ကုသရေးဦးစီးဌာန နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့က ရွာဝင်ရွာထွက်လမ်းများနှင့် ရွာချင်းဆက်လမ်းများ ကွန်ကရစ်လမ်းခင်းနိုင်ရေး တိုင်းတာခြင်းများ ဆောင်ရွက်ခြင်း၊ ရေရရှိရေးအတွက် ဆောင်ရွက်ပေးခြင်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဖော်ဆောင်ပေးခြင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကကျွဲ၊ နွားနှင့်ဝက်များကို ကာကွယ်ဆေးနှင့်အားဆေးများ ထိုးပေးခြင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဆက်သွယ်ရေးကောင်းမွန်စေရေး တာဝါတိုင်များ တည်ဆောက်နိုင်ရေးတိုင်းတာခြင်း စသည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးကြသည်။
ပြည်သူများနှင့်တွေ့ဆုံ
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်ဦးစီးသည့် အဖွဲ့သည် ရွာသစ်ကုန်းကျေးရွာ အောင်ဇမ္ဗူကျောင်းတိုက်၌ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာခွဲတာဝန်ခံ၊ ကျောင်းအုပ်ဆရာမကြီး၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံ သည်။
နှစ်ရှည်သီးနှံပင်များစိုက်ပျိုး
တွေ့ဆုံစဉ် နေပြည်တော် ကောင်စီအဖွဲ့ဝင်က မြေပြန့်နှင့် တောင်ပေါ်ဒေသ ဖွံ့ဖြိုးတိုးတက်မှုကွာဟမှု မရှိစေရေးအတွက် ယခုကဲ့သို့ ကွင်းဆင်းဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း၊ ထိုသို့ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးရှိမှသာ ဒေသဖွံ့ဖြိုးရေးဖြစ်သည့် ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ မိမိဦးဆောင်သည့် ဌာနဆိုင်ရာအဖွဲ့သည် ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေးရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတို့ကို ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုဒေသသည် စိုက်ပျိုးရေးကဏ္ဍတွင် များသောအားဖြင့် ဥယျာဉ်ခြံမြေများကိုသာ စိုက်ပျိုးလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးစေလိုပြီး နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးပါက အောင် မြင်ဖြစ်ထွန်းမည်ကို ယုံကြည်ပါကြောင်း ပြောကြားသည်။
ယင်းနောက်နေပြည်တော် ကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ရွာသစ်ကုန်းကျေးရွာ အောင်ဇမ္ဗူ ကျောင်းတိုက် ဆရာတော်ထံ ဆန်၊ ဆီ၊ ဆေးဝါး၊ သင်္ကန်း၊ ခေါင်းအုံး၊ စောင်နှင့် လှူဖွယ်ဝထ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ကျေးရွာနေ ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခြင်း၊ ဆရာဆရာမနှင့် ကျောင်းသား ကျောင်းသူများအတွက် စားသောက်ကုန်ပစ္စည်း၊ စာရေးကိရိယာများပေးအပ်ခြင်း၊ ပြည်သူ့စစ်အဖွဲ့ဝင်များအား ထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ကုန်ပစ္စည်းနှင့် ဆေးဝါးများကို ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ကြသည်။
ဆက်လက်၍ ဒေသခံတိုင်းရင်းသား ပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးစေလိုသည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးတို့ကို တင်ပြကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအမံများနှင့်စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးကြပြီး ရွာသစ်ကုန်းကျေးရွာ ကျေးရွာခွဲတာဝန်ခံက ကျေးဇူးတင်စကား ပြောကြားကာ နေပြည်တော် ကောင်စီအဖွဲ့ဝင်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် အခြေခံပညာ အလယ်တန်းကျောင်း အသစ်တည်ဆောက်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးပြီး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေကြသည့် ကျောင်းသား ကျောင်သူများကို စားသောက်ဖွယ်ရာများ ပေးဝေ၍ ကျောင်းအုပ် ဆရာမကြီးနှင့် ကျောင်းဆရာ ဆရာမများကို ထောက်ပံ့ငွေများ ပေးအပ်သည်။
နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေး
ညပိုင်းတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင်သည် ကျောက်ဖျာကျေးရွာရှိ ဒေသခံသက်ကြီး ရွယ်အိုများကို နေပြည်တော် ကုသရေးဦးစီးဌာန၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်ပေးနေမှုနှင့် ဇေယျာသီရိမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ပန်းခင်းစီမံ ချက် (၂)ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်များ ပြုလုပ်ပေးမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်