နေပြည်တော် ဇန်နဝါရီ ၁၅
အဆင့်မြင့် သံတမန်ရေးရာ သင်တန်းအမှတ်စဉ်(၁/၂၀၂၄) နှင့် အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၄၅/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမနှင့် ရန်ကုန်မြို့ရှိ ဝန်ဇင်းမင်းရာဇာခန်းမတို့၌ တစ်ပြိုင်တည်း ကျင်းပသည်။
တက်ရောက်
အဆိုပါသင်တန်းများ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် တက်ရောက်အမှာစကားပြောကြားပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊ တက္ကသိုလ်များမှ ပါမောက္ခဆရာကြီး/ ဆရာမကြီးများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။
လေ့ကျင့်သင်ကြားပို့ချပေးမည်
အဆင့်မြင့် သံတမန်ရေးရာ သင်တန်းအမှတ်စဉ်(၁/၂၀၂၄)ကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ရက်သတ္တ(၆)ပတ်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး အဆင့်မြင့်သံတမန်ရေးရာသင်တန်းသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်းများသာမက ဆက်စပ်ဝန်ကြီးဌာနများမှ သက်ဆိုင်ရာသံမှူးများအဖြစ် တာဝန်ထမ်းဆောင်မည့် အရာထမ်းစုစုပေါင်း ၃၆ ဦး တက်ရောက်ကြမည်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်းသည် ပြည်ပနိုင်ငံများရှိ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံးများတွင် သံရုံးအကြီးအကဲဖြစ်သူ သံအမတ်ကြီးများအား အဓိကအထောက်အကူပြု ပံ့ပိုးကူညီပေးနိုင်ရန်အတွက် လည်းကောင်း၊ သံအမတ်ကြီး(ကိုယ်စား) သံရုံးယာယီတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် လည်းကောင်း၊ ဆက်စပ်ဝန်ကြီးဌာနများမှ သက်ဆိုင်ရာသံမှူးများအဖြစ် တာဝန်ထမ်းဆောင်ကြမည့် အရာထမ်းများအနေဖြင့်လည်း သံရုံးလုပ်ငန်း သဘောသဘာဝအား ကြိုတင်သိရှိနားလည်ပြီး နိုင်ငံနှင့်နိုင်ငံသားတို့၏ အမျိုးသားအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ဆောင်ရွက်ခြင်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် လေ့ကျင့်သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
အခြေခံ သံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၄၅/၂၀၂၄)ကို ရက်သတ္တ(၁၂)ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်နှင့် ရန်ကုန်မြို့တွင် တစ်ပြိုင်နက်တည်း ဖွင့်လှစ်သည့် အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၄၅/၂၀၂၄)တွင် နိုင်ငံ့ဝန်ထမ်းများသာမက သံတမန်ရေးရာနှင့် နိုင်ငံတကာ ရေးရာများအား စိတ်ပါဝင်စားသော ပြင်ပပုဂ္ဂလိက နယ်ပယ်အသီးသီးမှလေ့လာလိုသူ သင်တန်းသား/ သင်တန်းသူ ၂၀၀ ခန့် တက်ရောက်ကြမည်ဖြစ်သည်။ သံတမန်ရေးရာ ဘာသာရပ်များ၊ နိုင်ငံတကာရေးရာဘာသာရပ်များ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များ၊ နိုင်ငံတကာဥပဒေများ၊ စီးပွားရေးဆိုင်ရာဘာသာရပ်များ၊ စီစဉ်ညှိနှိုင်းခြင်းနှင့် နိုင်ငံတကာ အစည်းအဝေးကျင်းပခြင်း စသည့်ဘာသာရပ်များ သင်ကြားပို့ချသွားမည်ဖြစ်သည်။
သတင်းစဉ်