မင်းဘူး ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု) မြို့နယ်ရှိ သမိုင်းဝင်ရွှေစက်တော်ဘုရားကြီး တည်းကျောင်းများနှင့် ဈေးဆိုင်တန်းများဆောက်လုပ်ရန် မြေနေရာသတ်မှတ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင့်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သုံးမိုင်အဝင်လမ်း မြေထိန်းနံရံများတွင် ကျောက်ကွက်အလှဖော်ခြင်း၊ ပန်းအိုးနှင့် ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ အထက်စက်တော်ရာ အတက်မုခ်ဦးရှိ လှေကားထစ်များ ပြုပြင်တည်ဆောက်ခြင်းနှင့် မိုးတွင်းကာလ မန်းချောင်းရေတိုက်စားခြင်းမှ ကာကွယ်ရန် မြေထိန်းနံရံများ၏ အောက်ခြေရှိ ကျောက်တုံးများ၊ Bedrock များကို သံခြင်းများဖြင့် ပြုပြင်တည်ဆောက်ခြင်း၊ အောက်စက်တော်ရာ နဂါးရေအိုင်ပြုပြင်ခြင်း၊ ဘုံခုနစ်ဆင့် ရွှေချခြင်းနှင့် နံရံနှင့်မျက်နှာကြက်များကို ယွန်းအတတ်ပညာရှင်များ၏ လက်ရာဖြင့် ရုပ်လုံး၊ ရုပ်ကြွပေါ်လွင်အောင် ထုဆစ်စေခြင်း၊ တည်းကျောင်းများနှင့် ဈေးဆိုင်တန်းမြေနေရာသတ်မှတ်၍ စနစ်တကျတည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများအားလုံး အချိန်မီပြီးစီးနိုင်ရေး ရွှေစက်တော်ဂေါပကဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ယခုနှစ် ရွှေစက်တော်ဘုရားပွဲတော်ကို တပို့တွဲလဆန်း ၅ ရက် (ဖေဖော်ဝါရီ ၁၄ ရက်)တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး တည်းခိုဆောင်အလုံးပေါင်း ၈၅၀ ခန့်နှင့် ဈေးဆိုင်ခန်းပေါင်း ၄၅၀ ခန့် ဆောက်လုပ်ကာ ဘုရားဖူးများ အဆင်ပြေပြေဖူးမြော်နိုင်ရန် ညအိပ်တည်းခိုခွင့်ပြုသွားမည်ဖြစ်ကြောင်း ရွှေစက်တော်ဂေါပက ဒုတိယဥက္ကဋ္ဌ ဦးသိန်းလှိုင်ထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)