Skip to main content

ပွင့်ဖြူမြို့နယ်၏ ဒေသထွက်ကုန်တစ်ခုဖြစ်သည့် ငြိမ့်အမှတ်တံဆိပ် ပဲကြော်လုပ်ငန်း

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

နိုင်ငံတော်အနေဖြင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် ပြည်တွင်းရှိ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို အခြေခံသည့် ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Region ၊ One Product) အစီအစဉ်ကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းမှတ်ပုံတင်ခွင့်ပြုချက်ရယူ၍ ဆောင်ရွက်လုပ်ကိုင်နေသော ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာရှိ ငြိမ့်အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။

ချစ်စဖွယ် မြန်မာ့ယဉ်ကျေးမှုဓလေ့

မြန်မာ့ရိုးရာအစားအစာများတွင် လက်ဖက်/ ပဲကြော် အစားအစာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးသည့် ဓလေ့သည် ယနေ့အထိတိုင်ရှိနေဆဲ ချစ်စဖွယ်မြန်မာလူမျိုးများ၏ ဧည့်ဝတ်ပြုသည့် ယဉ်ကျေးမှုဓလေ့တစ်ခုပင်ဖြစ်ရာ လက်ဖက်/ ပဲကြော်လုပ်ငန်းသည်လည်း ဈေးကွက်၌ စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အခိုင်အမာရပ်တည်လျက်ရှိသည်။ ထိုသို့ ဝင်ငွေတိုးစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်နေသည့် ပဲကြော်လုပ်ငန်းများစွာတွင် ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာမှ ငြိမ့်အမှတ်တံဆိပ်ပဲကြော်လုပ်ငန်းကို ၂၀၀၀ ပြည့်နှစ်က စတင်လုပ်ကိုင်ခဲ့ရာ သက်တမ်းအားဖြင့် နှစ် ၂၀ ရှိပြီဖြစ်သည်။ ငြိမ့်ပဲကြော်လုပ်ငန်းသည် ဒေသခံပြည်သူများကို အလုပ်အကိုင်အခွင့်အလမ်းများနှင့် အိုးမကွာ အိမ်မကွာ နေ့စဉ်မိသားစုဝင်ငွေရရှိစေရန် အလုပ်အကိုင်များရရှိအောင် ဖန်တီးပေးထားနိုင်သလို လုပ်ငန်းရှင်အတွက်လည်း အတန်အသင့်အောင်မြင်မှုရရှိနေပြီဖြစ်သည်။

လက်လီလက်ကားဖြန့်ဖြူး

အဆိုပါ ပဲကြော်ဖိုမှ အသင့်စားပဲကြော်များ ပြုလုပ်ရန်အတွက် မုံရွာ၊ အောင်လံနှင့် ဆင်ဖြူကျွန်းမြို့များမှ ထွက်ရှိတဲ့ ပဲကြီးစေ့များကို ကုန်ကြမ်းဝယ်ယူပြီး အသုံးပြုလျက်ရှိကြောင်း သိရသည်။ ပဲကြော်ပြုလုပ်ရာတွင် ဝယ်ယူအသုံးပြုသည့် ပဲကြီးများကို ဒေသခံအမျိုးသမီးများ ငှားရမ်း၍ စနစ်တကျသန့်စင်ပြီး အရည်အသွေးကောင်းမွန်သော ပဲကြီးစေ့များကို ပထမဦးစွာ ရေစိမ်ခြင်းပြုလုပ်၍ ရေစိမ်ပြီးပဲကြီးများကို ပဲအခွံချွတ်ခြင်း(ပဲညှစ်ခြင်း)ပြုလုပ်ကာ ကြော်လှော်ရကြောင်း၊ ထို့နောက် ရရှိလာသည့် အသင့်စားပဲကြော်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ငွေကျပ် ၂၀၀ တန်၊ ၅၀၀ တန် အထုပ်များမှစ၍ ၂၅ ကျပ်သားထုပ်၊ ၅၀ ကျပ်သားထုပ်၊ တစ်ပိဿာထုပ် စသည်ဖြင့် စနစ်တကျထုပ်ပိုး၍ လက်လီလက်ကား ထုပ်လုပ်ဖြန့်ဖြူးရောင်းချကြောင်း သိရသည်။

ပဲကြော်များပြုလုပ်ရာတွင် စားသုံးသူပြည်သူများ အစားအစာဘေးကင်းလုံခြုံစေရန်အတွက် FDA ၏ လမ်းညွှန်မှုစည်းကမ်းချက်များနှင့်အညီ စနစ်တကျစီမံထုတ်လုပ်ထားကြောင်းနှင့် ပဲပူးကြော် တစ်ပိဿာလျှင် ငွေကျပ် ၁၁၅၀၀ နှုန်း၊ ပဲခြမ်းကြော်တစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀၀ နှုန်း၊ အစုံကြော်(နှစ်ပြန်ကြော်) တစ်ပိဿာလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် ထုပ်ပိုးရောင်းချပေးသလို တစ်ဆင့်ပြန်လည်ရောင်းချသော ဈေးသည်များမှ မှာယူသည့်အတိုင်း အဆင်ပြေစွာ ထုပ်ပိုးရောင်းချပေးကြောင်း လုပ်ငန်းရှင် ဒေါ်မြသန္တာလင်းက ရှင်းပြသည်။

တစ်ရက်လျှင် ပိဿာချိန် ၂၀၀ ခန့်အထိ ထုတ်လုပ်နိုင်

ဈေးကွက်ဖြန့်ဖြူးရောင်းချမှု အနေဖြင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအပြင် မကွေး၊ မင်းဘူး၊ မန္တလေးနှင့် ရန်ကုန်မြို့ကြီးများသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ တစ်ရက်လျှင် ပဲကြော်ပိဿာချိန် ၂၀၀ ခန့်အထိ ထုတ်လုပ်နိုင်ပြီး ရောင်းအားအပေါ်မူတည်၍ ပျမ်းမျှပိဿာချိန် ၁၀၀ ခန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချရကြောင်း သိရသည်။

အလုပ်အကိုင်အခွင့်အလမ်းဖန်းတီးပေးနိုင်မှုအနေဖြင့် ပဲကြော်လုပ်ငန်းတွင် အသုံးပြုသည့် ပဲကြော်ဆရာတစ်ဦးလျှင် လစာငွေကျပ် သုံးသိန်းသုံးသောင်း၊ နောက်လိုက်ပဲကြော်ဆရာတစ်ဦး လစာငွေကျပ် သုံးသိန်း၊ ပဲကြော်ထုပ်ပိုးသူများကိုလည်း လစာဖြင့်ငှားရမ်းကာ လုပ်ငန်းကျွမ်းကျင်မှုအပေါ် မူတည်ပြီး လစာအနည်းဆုံးငွေကျပ်နှစ်သိန်းမှ သုံးသိန်းအထိပေးရကြောင်း၊ ပဲခွံချွတ်သူ (ပဲညှစ်သူ)များကို နေ့စားဖြင့် ငှားရမ်းပြီး ပဲခွံချွတ်ခြင်းအတွက် တစ်ပိဿာလျှင် ငွေကျပ် ၅၀၀ နှုန်းပေးချေ၍ ငှားရမ်း လုပ်ကိုင်ရသဖြင့် ဒေသခံပြည်သူများအတွက် နေ့စဉ်မိသားစုဝင်ငွေတိုးပွားအောင် ဖော်ဆောင်ပေးထားနိုင်ကြောင်း လုပ်ငန်းရှင်က ရှင်းပြသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အလတ်စား၊ အငယ်စားစီးပွားရေး (MSME)လုပ်ငန်းရှင်များကို လုပ်ငန်းမှတ်ပုံတင်များ ခွင့်ပြုထုတ်ပေးခြင်းအပြင် အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များကို ပိုမိုထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် ချေးငွေများ ထုတ်ချေးပေးသည့်လုပ်ငန်းများ ပုံမှန်လည်ပတ်လုပ်ကိုင်နိုင်အောင် ပံ့ပိုးကူညီပေးခြင်း၊ နည်းပညာနှင့် အထောက်အကူပြု ပစ္စည်းများပံ့ပိုးကူညီပေးခြင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းတို့ကို ကူညီဖြည့်ဆည်းပေးလျက်ရှိသည်။ ထို့အပြင် သက်ဆိုင်ရာဌာနများကလည်း လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးနေသဖြင့် ဒေသတွင်းရှိ တစ်ပိုင်တစ်နိုင်စီးပွားဖြစ်ဆောင်ရွက်လုပ်ကိုင်နေသော (MSME) လုပ်ငန်းရှင်များအတွက် များစွာအဆင်ပြေလျက်ရှိသည်။

ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု

သို့ဖြစ်ရာ ပွင့်ဖြူမြို့နယ်ရှောက်တော ကျေးရွာမှ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းဖြစ်သည့် ငြိမ့်အမှတ်တံဆိပ် ပဲကြော်လုပ်ငန်းကို ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခုအဖြစ် ဒေသထွက် ကုန်ကြမ်းပစ္စည်းများကို အသုံးပြု၍ အစားအစာဘေးကင်းလုံခြုံပြီး အရည်အသွေးကောင်းမွန်သော တီထွင်ဆန်းသစ်မှုများဖြင့် စားသောက်ကုန်ပစ္စည်းအမယ်တစ်မျိုးအဖြစ် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေရ၍ ဒေသတွင်းရှိ ပြည်သူများအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားနိုင်သလို နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက်လည်း တစ်ဖက်တစ်လမ်းမှ ကူညီအားဖြည့်ဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။