နေပြည်တော် ဇန်နဝါရီ ၁၄
မန္တလေးပြည်သူ့ဆေးရုံကြီး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) ၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးနှင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကု ဆေးရုံကြီး-မန္တလေးတို့မှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ဇန်နဝါရီ (၁၃) ရက်နှင့် (၁၄) ရက်တို့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့သို့ သွားရောက်၍ ခရိုင်ပြည်သူ့ဆေးရုံ၊ သံတွဲမြို့မှ အထူးကုဆရာဝန်များနှင့်အတူ ဒေသခံပြည်သူများကို ဆေးကုသမှုများ ဆောင်ရွက်ပေးသည်။
အဆိုပါ ခရီးစဉ်အတွင်း နှလုံးဆေးကုသမှုဆိုင်ရာလူနာ (၁၃၀) ၊ အစာအိမ်အူလမ်း ကြောင်းဆိုင်ရာလူနာ (၁၂၀) ဦး ၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာလူနာ (၁၀၆) ဦး၊ ဦးနှောက်နှင့်အာရုံကြောဆေးကုမှုဆိုင်ရာလူနာ (၃၁၈) ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာ (၂၁) ဦး၊ အသည်းရောဂါဆိုင်ရာလူနာ (၇၇) ဦး၊ အထွေထွေရောဂါဆေးပညာဆိုင်ရာလူနာ (၁၈၉) ဦး၊ ဆီးချိုနှင့် ဟော်မုန်းရောဂါဆိုင်ရာလူနာ (၁၁၉) ဦး၊ မျက်စိရောဂါဆိုင်ရာလူနာ (၃၈၁) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာလူနာ (၃၂၂) ဦး၊ အရိုးရောဂါလူနာ (၄၀၆) ဦး၊ အရိုးအကြောအဆစ်ရောဂါလူနာ (၉၈) ဦး၊ စုစုပေါင်းဒေသခံပြည်သူ (၂၂၈၇) ဦးကို ကြည့်ရှုကုသမှုပေးနိုင်ခဲ့သည်။
လာရောက်ပြသသော လူနာများတွင် သံတွဲမြို့၊ တောင်ကုတ်မြို့နှင့် ဂွမြို့နယ်တို့မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများပါဝင်ပြီး ရောဂါရှာဖွေစမ်းသပ်မှုများအနေဖြင့် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echocardiography) (၅၅) ဦး၊ ဓာတ်မှန်ဖြင့်ရောဂါရှာဖွေခြင်း (၈၆) ဦး၊ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်း (၃၅၄) ဦး၊ Ultrasound ရိုက်ကူးခြင်း (၆၃) ဦးနှင့် နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG) (၂၅၀) တို့ကို စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့သည်။ ထို့ပြင် မျက်စိအတွင်းတိမ်လူနာ (၈) ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး ဦးနှောက်နှင့်အာရုံကြောရောဂါဆိုင်ရာလူနာ (၁) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာလူနာ (၂) ဦး၊ အရိုးရောဂါဆိုင်ရာလူနာ (၁) ဦးတို့ကို ရန်ကုန်ရှိ သက်ဆိုင်ရာဆေးရုံကြီးများသို့ လွှဲပြောင်းကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်သည် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ နှင့်အတူ ဇန်နဝါရီ (၁၃) ရက်တွင် ပါမောက္ခ/အထူးကုဆရာဝန်ကြီးများအား လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခြင်း၊ ဇန်နဝါရီ (၁၃) ရက်နှင့် (၁၄) ရက်တို့တွင် အထူးကု ဆေးကုသရေး အစီအစဉ်သို့ လာရောက်ပြသကုသမှုခံယူကြသော လူနာများကို ကြည့်ရှုအားပေးပြီး ပါမောက္ခ/အထူး ကုဆရာဝန်ကြီးများအား တွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင်စကားပြောကြားခြင်း၊ ဒေသထွက် လက်ဆောင်များ ပေးအပ်ခြင်း၊ ညစာအတူသုံးဆောင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ လာရောက်ပြသသော လူနာများကို သံတွဲမြို့မှ သိမ်ကုန်းကျောင်းဆရာတော် ဘဒ္ဒန္တတေဇိန္ဒနှင့် အလှူရှင်များက နေ့လယ်စာ အာဟာရဒါန ထမင်း လှူဒါန်း ခဲ့သည်။
ရန်ကုန်/မန္တလေး/နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ (Super specialty) ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၏ အထူးကုကွင်းဆင်းကုသရေးခရီးစဉ်များကို ၂၀၂၃ ခုနှစ်အတွင်း (၁၅)ကြိမ်၊ ၂၀၂၄ ခုနှစ်အတွင်း တောင်ကြီးမြို့၊ ပြည်မြို့နှင့် ယခု သံတွဲမြို့တို့၌ ဆောင်ရွက်ထားရှိပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်