Skip to main content

ASEAN Compulsory Motor Insurance (ACMI) System မှတစ်ဆင့် Online Process ဖြင့် ဆောင်ရွက်မည့် နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်အာမခံမိတ်ဆက်ခြင်းအခမ်းအနားကျင်းပ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်ဖွင့်လှစ်ပေး

နေပြည်တော် ဇန်နဝါရီ ၁၃

ASEAN Framework Agreement on the Facilitation of Goods in Transit (AFAFGIT) ပါ Protocol-5 အရ အာဆီယံနယ်စပ်ဖြတ်ကျော်မော်တော်ယာဉ်များအတွက် မထားမနေရ သူတစ်ပါးထိခိုက်မှု အာမခံလက်ခံခြင်းနှင့် လျော်ကြေးပေးချေခြင်းများအား ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရန်အတွက် ASEAN Compulsory Motor Insurance (ACMI) System မှတစ်ဆင့် Online Process ဖြင့် ဆောင်ရွက်မည့် နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်အာမခံမိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာ့အာမခံလုပ်ငန်း(ရုံးချုပ်)၌ ကျင်းပသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အာမခံလုပ်ငန်းကြီးကြပ်ရေးဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအာမခံအသင်းဥက္ကဋ္ဌနှင့် အထွေထွေအာမခံကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာမော်တော်ယာဉ်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံထဲတွင် ACMI System ကို Digital Platform တည်ဆောက်ပြီး အသုံးပြုနိုင်သည့် နိုင်ငံ ၄ နိုင်ငံထဲတွင် မြန်မာနိုင်ငံပါဝင်ကြောင်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်က Vietnam နိုင်ငံ Halong မြို့၌ ကျင်းပပြုလုပ်ခဲ့သော 24th Council of Bureaux Meeting တွင် ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံထဲသို့ ဝင်ရောက်လာမည့် နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်အတွက် မထားမနေရ သူတစ်ပါးထိခိုက်မှု အာမခံအကာအကွယ်ကို Online Channel မှတစ်ဆင့် ဝယ်ယူနိုင်ပြီဖြစ်သည့်အတွက် အချိန်ကုန်၊ လူပင်ပန်းမှုနည်းပါးသွားမည်ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် ဝင်ငွေကိုလည်း ပိုမိုရှာဖွေနိုင်မည်ဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်များကြောင့် မြန်မာပြည်သူများ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်းများ ဖြစ်လာခဲ့လျှင် ငွေကြေးတစ်စုံတစ်ရာ အထောက်အပံ့ဖြစ်စေမည့် နစ်နာကြေးပေးချေခြင်းကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် နိုင်ငံနှင့်ပြည်သူအတွက် အကျိုးရှိစေမည့်လုပ်ငန်းဖြစ်ကြောင်း၊ အာဆီယံနယ်နိမိတ်တစ်လျှောက် ကုန်စည်သယ်ယူပို့ဆောင်နေကြသည့် မော်တော်ယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်းများအတွက် ခရီးစဉ်တစ်လျှောက် စိတ်အေးချမ်းသာစွာ သွားလာနိုင်ရန်နှင့် အာဆီယံသယ်ယူပို့ဆောင်ရေး သဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်ရန်အတွက် ASEAN’s spirit ဖြစ်သည့် “One Vision, One Identity, One Community” အစီအစဉ်အနေဖြင့် ဆောင်ရွက်ပေးမည့် ASEAN Compulsory Motor Insurance (ACMI) System မှတစ်ဆင့် Online Process ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းကို လှိုက်လှိုက်လှဲလှဲကြိုဆိုကြောင်း ပြောကြားသည်။

ဆက်လက်၍ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မြန်မာ့အာမခံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက Video Clip ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များသည် နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်အာမခံမိတ်ဆက်ခြင်းအစီအစဉ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ASEAN Compulsory Motor Insurance (ACMI) System မှတစ်ဆင့် Online Process ဖြင့်ဆောင်ရွက်မည့် နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်အာမခံအား လက်ခံဆောင်ရွက်ခြင်းဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းသို့ ဝင်ရောက်လာမည့် နယ်စပ်ဖြတ်ကျော် မော်တော်ယာဉ်များမှ အာမခံပရီမီယံကြေးများရရှိသကဲ့သို့ ထိုမော်တော်ယာဉ်များကြောင့် သေဆုံးသူ၊ ဒဏ်ရာရရှိသူများအတွက် သူတစ်ပါးထိခိုက်မှု အာမခံနစ်နာကြေးအားပေးချေနိုင်ခြင်း၊ အာဆီယံနိုင်ငံများအကြား စီးပွားရေးပေါင်းစပ်မှုများနှင့်အညီ ကုန်စည်စီးဆင်းမှုများ တိုးတက်လာစေခြင်း၊ ကုန်သွယ်ရေးနှင့်ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာစေရေးအတွက် အထောက်အကူပြုပေးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

(သတင်းစဉ်)