မိတ္ထီလာ ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့၌ သံဃာတော်များ ဦးဆောင်၍ ဘာသာသာသနာ ချစ်မြတ်နိုးသည့် ပြည်သူများက အကြမ်းဖက်သောင်းကျန်းသူများမှ ဘုရားစေတီပုထိုးများနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဖျက်ဆီးမှုအပေါ် ကန့်ကွက်ရှုတ်ချပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီ အချိန်က ခရိုင်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါကန့်ကွက်ရှုတ်ချပွဲတွင် ဦးစီးဆောင်ရွက်သည့် သံဃာတော်တစ်ပါးက ဟောပြောခဲ့ပြီး မိတ္ထီလာ ခရိုင်အတွင်းရှိမိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းနှင့် သာစည်မြို့နယ်များမှ တက်ရောက်လာ သူများက “သာသနာဖျက် အကြမ်းဖက်သမားအလိုမရှိ”၊ အကြမ်းဖက်သောင်းကျန်းသူများအား ကန့်ကွက်ရှုတ်ချသည့် ဗီနိုင်းများကိုင်ဆောင်ကာ ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်ဝါဒီများပပျောက်ရေး (ဒို့အရေး)၊ ပြည်သူတွေရဲ့ အသက်ကိုရောင်း ဒေါ်လာတောင်းစားနေသည့် ခွေးဝဲစားပြည်ဖျက်မိစ္ဆာများ (အလိုမရှိ)၊ ပြည်ပဩဇာခံ ပြည်ဖျက်မိစ္ဆာအကြမ်းဖက်အဖွဲ့များ(အလိုမရှိ)၊ အကောက်ကြံခလောက်ဆန် လက်နက်ကိုင်သောင်းကြမ်းသူများ၏ နောက်ကွယ်မှ ကြိုးကိုင်နေသူများအား (ဆန့်ကျင်ကြ)၊ လမ်းတံတားများကိုဖျက်ဆီး ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝကိုဖျက်ဆီးနေသော မျောက်သုံးကောင်းရှင်းလင်းရေး (ဒို့အရေး)၊ အချုပ်အခြာအာဏာကို ထိပါးစော်ကားလာသော ပြည်ဖျက်မိစ္ဆာများအား အမြန်ရှင်းလင်းရေး (ဒို့အရေး)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပျက်ပြားစေရန် လုပ်ဆောင်နေသော မြောက်ပိုင်းသောင်းကျန်းသူများအား အပြီးသတ်ချေမှုန်းရေး(ဒို့အရေး)၊ အကြမ်းဖက်အစွန်းရောက်လုပ်ရပ်များ(အလိုမရှိ)၊ သာသနာဖျက် အကြမ်း ဖက်သမားများ (အလိုမရှိ) စသည်ဖြင့် ကြွေးကြော်ရှုတ်ချခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်
