Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

နေပြည်တော် ဇန်နဝါရီ ၁၂

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ (၁) ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး သားငါးကဏ္ဍ GDP တိုးတက်လာစေရန်နှင့် အသားစားသုံးမှု ဖူလုံစေရန်အတွက် လက်ရှိမွေးမြူသူများကို နိုင်ငံတော်မှ မတည်ထောက်ပံ့ငွေများ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ မွေးမြူသူများ အမှန်တကယ် မွေးမြူနိုင်ရေးနှင့် သွင်းအားစုများ မျိုးကောင်းမျိုးသန့်များ၊ အစားအစာများ ထောက်ပံ့ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအနေဖြင့် စဉ်ဆက်မပြတ် ကွင်းဆင်းကြည့်ရှုပြီး ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်အတွင်းရှိ ဆန်စက်၊ ဆီစက် စသည့်စက်ရုံများမှထွက်ရှိသည့် ကုန်ကြမ်းဘေးထွက်ပစ္စည်းများမှ သဘာဝမြေဩဇာနှင့် တိရစ္ဆာန်အစားအစာများထုတ်လုပ်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လက်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ MSME လုပ်ငန်းများကို အားသာချက်၊ အားနည်းချက်များ ဖော်ထုတ်ပြီး တိုးတက်အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့်စပ်လျဉ်း၍ လက်ရှိ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌကလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။

အောင်မြင်စွာကျင်းပနိုင်ရေး

အလားတူ ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်များ အရောင်းပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် MSME လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် One Region One Product အဓိကထုတ်ကုန် အပါအဝင် အခြားသောထုတ်ကုန်အမျိုးမျိုးကို ပူးပေါင်းပါဝင်ခင်းကျင်း ပြသခြင်းဖြင့် မိမိတို့ ထုတ်ကုန်များ အချင်းချင်းပညာရပ်ဆိုင်ရာ ဖလှယ်နိုင်ခြင်း၊ ပြည်သူများ ပြည်တွင်းဖြစ်ကို ပိုမိုဝယ်ယူ အားပေးလာနိုင်ခြင်း၊ လုပ်ငန်းများအတွက် အကြံဉာဏ်အတွေးအခေါ်ကောင်းများ ရရှိစေခြင်းစသည့် ရည်ရွယ်ချက်များဖြင့် MSME ပြခန်းများ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် ဒေသထွက်ထုတ်ကုန်များ၊ အစားအစာများ ပြည်သူများသို့ သင့်လျော်သည့် ဈေးနှုန်းများဖြင့်ရောင်းချနိုင်ရေး၊ One Region One Product ထုတ်ကုန်အပါအဝင် MSME ထုတ်ကုန်များအား စုံလင်စွာခင်းကျင်း ပြသဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ MSME ထုတ်ကုန်များ ခင်းကျင်းပြသရောင်းချနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊ လုပ်ငန်းရှင်များ၊ ဆပ်ကော်မတီများက အောင်မြင်အောင်ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များက လုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများ၊ ဒေသထွက် MSME ထုတ်ကုန်များနှင့် အစားအစာများ ခင်းကျင်းပြသရောင်းချမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် ဒုတိယမြို့တော်ဝန်တို့က ရှင်းလင်း ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်