နေပြည်တော် ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ရှိ ဘော်မားကျေးရွာမှ အမျိုးသားတစ်ဦးမီးလှုံနေစဉ် တပ်မတော်ကပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ကာ သေဆုံးခဲ့သည့်ဖြစ်စဉ် ဇန်နဝါရီ ၁၀ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း ကောလာဟလ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ မိုးကုတ်မြို့နယ်အတွင်း ထိတွေ့ပစ်ခတ်မှုများမရှိခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သားပြည်သူများ နေထိုင်ရာမြို့၊ ရွာများအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်မှုမရှိကြောင်း၊ အကြမ်းဖက်သမားများ ဝင်ရောက်ဖျက်ဆီးမှုမရှိစေရေးအတွက် နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ပြည်သူများအတူ ပုံမှန်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများမှ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးသဘောထား ကွဲလွဲမှုများကို အခြေခံပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြည်သူများမှ အထင်အမြင်လွဲမှားလာဖွယ် ထင်ယောင်ထင်မှားဖြစ်စေသည့် ကောလာဟလသတင်းအမှားများကို လုပ်ကြံရေးသားကာ လူမှုကွန်ရက်စာမျက်နှာများတွင် လှုံဆော်ဖြန့်ဝေလျက်ရှိကြောင်း သတင်းရရှိပါသည်။