Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပဲခူးမြို့နယ် ရွာသစ်ကျေးရွာ၌ မဲခေါင် - လန်ချန်း စီမံကိန်းဖြင့် စိုက်ပျိုးရေးနှင့် ဒေသထုတ်ကုန်လုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၁၂

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့သည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာတွင် မဲခေါင် - လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်း ရန်ပုံငွေမှ Green House စနစ်ဖြင့် စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဒေသထုတ်ကုန်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာသို့ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ကျေးရွာစီမံကိန်း ကော်မတီဝင်များ၊ ဒေသခံတောင်သူများ၊ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက မဲခေါင် - လန်ချန်း စီမံကိန်းရန်ပုံငွေဖြင့် မဲခေါင်-လန်ချန်း နိုင်ငံများအကြား ဆင်းရဲဆင်းနွမ်းပါးမှု လျော့ချရေးဆိုင်ရာ အတွေ့အကြုံနှင့် ဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံကိန်းမှကျေးရွာ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် အခြေခံသည့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မိသားစုဝင်ငွေတိုးပွားရေး လုပ်ငန်းများ၊ သွင်းအားစုထောက်ပံ့ခြင်း၊ နည်းပညာနှင့် စွမ်းရည်မြှင့်တင်ခြင်းလုပ်ငန်းများ၊ ဈေးကွက်ချိတ်ဆက်ပေးခြင်း လုပ်ငန်းများအပြင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျေးရွာတောင်သူများအနေဖြင့် စီမံကိန်းလုပ်ငန်းများ စဉ်ဆက်မပြတ်အောင်မြင်စေရေးနှင့် ပိုမိုအကျိုးရှိထိရောက်မည့် သီးနှံများကို တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပဲခူးတိုင်ဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့်အရင်းအနှီး၊ သွင်းအားစု၊ နည်းပညာများနှင့် အုပ်ချုပ်ထောက်ပံ့ ဆောင်ရွက်ပေးခဲ့မှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက အထူးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှု၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ အစုအဖွဲ့များဖွဲ့စည်း၍ Green House စနစ်ဖြင့် ဟော်လန်မျိုး ဟင်းသီးဟင်းရွက်များဖြစ်သည့် ခရမ်းချဉ်၊ ငရုပ်၊ ဆလပ် စမ်းသပ်စိုက်ပျိုးနေမှု အခြေအနေများ၊ အကျိုးအမြတ်ရရှိနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပဲခူးမြို့နယ်၊ ရွာသစ်ကျေးရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း မတည်ရင်းနှီးငွေကျပ် (၃၂၈) သိန်းကို ကျေးရွာကော်မတီဝင်များထံ လွှဲပြောင်းပေးအပ်ပြီး အစုအဖွဲ့များ ဖွဲ့စည်း၍ Green House စနစ်ဖြင့် စိုက်ပျိုးထားသည့် ခရမ်းချဉ်၊ ငရုပ်၊ ဆလပ် ဟော်လန်မျိုး ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားရှိမှု၊ ပဲခူးတိုင်းဒေသကြီးအတွင်း မဲခေါင် - လန်ချန်း စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သော ဒေသထွက်ကုန်များ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း သင်တန်းများမှ ထွက်ရှိသော ဒေသထွက်ကုန်များ ခင်းကျင်းပြသထားရှိမှု ကိုကြည့်ရှုစစ်ဆေးသည်။

ထို့မှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ ပဲခူးမြို့ သီရိဥဿာဈေး ပဲခူးတိုင်းဒေသကြီးထုတ်ကုန်များအရောင်းစင်တာသို့သွားရောက်၍ ဒေသထုတ်ကုန်များ ရောင်းချနေမှုများကြည့်ရှုအားပေးပြီး MSME လုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့ရှိ Agro Future Myanmar ကုမ္ပဏီ၏ လက်ဆွဲကောက်စိုက်စက် ထုတ်လုပ်ရေးအလုပ်ရုံသို့ရောက်ရှိပြီး လက်ဆွဲကောက်စိုက်စက်ထုတ်လုပ်နေမှုများကို ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက အသင်းသား တောင်သူများအနေဖြင့် စပါးမျိုးစေ့များကို ကျဲပက်စိုက်ပျိုးခြင်းအစား ကောက်ကွက်ပြည့်ပြီး အထွက်တိုးရန်အတွက် အချိန်သက်သာပြီး ဈေးနှုန်းသင့်တင့်သည့် ကောက်စိုက်စက်များ တီထွင်အသုံးပြုပြီး စိုက်ပျိုးဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်