Skip to main content

ဒေသအကျိုးပြု စာတွေ့လက်တွေ့မျှတသော သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်သည့် Polytechnic University များ တည်ထောင်ရေး အသိပညာမျှဝေခြင်း အစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၂

ဒေသအကျိုးပြု စာတွေ့လက်တွေ့မျှတသော သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်သည့် Polytechnic University များ တည်ထောင်ရေး အသိပညာမျှဝေခြင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက ရန်ကုန်မြို့ရှိ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က ဒေသအကျိုးပြု စာတွေ့လက်တွေ့မျှတသော သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်သည့် Polytechnic University များ တည်ထောင်ရေးနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အမြဲတမ်းတွင်းဝန် ဒေါက်တာ စိုင်းကျော်နိုင်ဦးက နိုင်ငံတကာတွင် Polytechnic University များ ဖွင့်လှစ်သင်ကြားပေးနေမှု၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များတွင် ဖွင့်လှစ်သင်ကြားပေးနေသည့်အခြေအနေများနှင့် Polytechnic University များ တည်ထောင်နိုင်မည့် အခြေအနေများကို သုံးသပ်ဆွေးနွေး ရှင်းလင်းတင်ပြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ တက်ရောက်လာသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဂျီတီအိုင်ကျောင်းသားဟောင်းများအသင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများက Polytechnic University များတည်ထောင်ခြင်းသည် ဒေသအကျိုးပြု စာတွေ့လက်တွေ့မျှတစွာ သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်ခြင်းနှင့် အခြေခံအဆောက်အဦများကို ပိုမိုထိရောက်အကျိုးရှိစွာအသုံးပြုနိုင်မည်ဖြစ်ပါသဖြင့် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ သင်ရိုးညွှန်တမ်းများအား လုပ်ငန်းလိုအပ်ချက်နှင့်ကိုက်ညီသော သင်ရိုးညွှန်းတမ်းများဖြစ်စေရန်နှင့် အဆိုပါ Polytechnic University များ ဖြစ်ပေါ်လာစေရေးအတွက် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးတင်ပြကြသည်။

အစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်