Skip to main content

ဟင်္သာတမြို့တွင် စာပေနှင့်သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၁

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက စာပေနှင့်သတင်းမီဒီယာကဏ္ဍ ပိုမိုဖွံ့ဖြိုးလာစေရေးနှင့် စာကြည့်တိုက်များ အောင်မြင်စွာဆက်လက်ရပ်တည် နိုင်စေရေးတို့အတွက် ယနေ့နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဟင်္သာတမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဒေသခံစာပေသမားများ၊ သတင်း မီဒီယာအဖွဲ့အစည်းများ၊ စာကြည့်တိုက်ဖောင်ဒေးရှင်း မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

ဆွေးနွေး

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)က စာပေကိစ္စရပ်များအကြောင်း၊ အဆိပ်သင့်စာပေများကို ရေးသားခြင်း၊ ထုတ်ဝေခြင်းများကို ရှောင်ကြဉ်ရမည့်အကြောင်း၊ ဒေသတွင်း၌ လူငယ်များစာဖတ်ရှိန်မြင့်တက်လာစေရေးအတွက် စာကြည့်တိုက်များ ပိုမိုပေါ်ပေါက်လာစေရေးတို့ကို ဆွေးနွေးခဲ့သည်။

ထို့နောက် ဒုတိယဥက္ကဋ္ဌဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး) က သတင်းမီဒီယာဆိုင်ရာ လေ့လာမှတ်သားသင့်သည့် ကိစ္စရပ်များနှင့် စာပေရေးရာများကို ဆွေးနွေးဟောပြောခဲ့သည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအောင်ပြည့်စုံက သတင်းမီဒီယာကောင်စီ၏ ရပ်တည်ချက်များ၊ သတင်းမီဒီယာသမားများကို အရည်အသွေးမြှင့်တင်ရေး၊ သတင်းတုသတင်းမှားများ ချေဖျက်ရေး၊ ကျင့်ဝတ်ကိုလိုက်နာသော သတင်းမီဒီယာသမားများ ပိုမိုပေါ်ပေါက်လာစေရေးနှင့် သတင်းသမားများကို ဥပဒေနှင့်အညီ အကာအကွယ် ပေးနိုင်ရေးများကို ဆွေးနွေးခဲ့သည်။

ပေးအပ်လှူဒါန်း

ထို့နောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ရိုက်နှိပ်ထားသည် သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေနှင့် ကျင့်ဝတ်စာအုပ်များ၊ မဂ္ဂဇင်းဂျာနယ်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ဒေသခံသတင်းမီဒီယာသမားများထံ ပေးအပ်လှူဒါန်း ခဲ့သည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများနှင့်အတူ ဟင်္သာတမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်ခင်စန္ဒာဆွေ၊ ဟင်္သာတခရိုင်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာများ၊ သတင်းသမားများ စုစုပေါင်းအင်အား ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်