Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြစ်ကြီးနားမြို့ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ကို ကြည့်ရှုအားပေး

နေပြည်တော် ဇန်နဝါရီ ၁၁

ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းသည် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများကြောင့် ရောဂါကူးစက်မှုကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြည်သူလူထုအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများကို ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးတို့ လိုက်ပါ၍ မြစ်ကြီးနားမြို့ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ မြစ်ကြီးနားမြို့ရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုကို ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းအစီအစဉ်ကို သွားရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ဆမားဒူဝါဆင်ဝါးနော်ခန်းမတွင် ပြည်ထောင်စုဝန်ကြီးသည် ကချင်ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ အတွင်းရေးမှူးတို့နှင့်အတူ မြစ်ကြီးနားမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ နိုင်ငံ့ဝန်ထမ်း ၁၅၂ ဦး၊ ကိုယ်ဝန်ဆောင်မိခင် ၃၀ တို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်နိုင်ခြေများသည့် ကျန်းမာရေးဝန်ထမ်းများ၊ အသက် (၆၅) နှစ်အထက်ရှိသူများ၊ အသက်(၁၈)နှစ်နှင့်အထက် နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအားကျဆင်းသည့် ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များကို ဦးတည်အုပ်စုများအဖြစ် သတ်မှတ်၍ ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံရန်အတွက် အသေးစိတ်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်