ဘားအံ ဇန်နဝါရီ ၁၁
နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော ကရင်သက္ကရာဇ် (၂၇၆၃) ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့တွင်ကျရောက်သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားနှင့် ကရင်ရိုးရာကောက်သစ်စားပွဲကို ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။
ဦးစွာ ရောင်နီလာချိန် နံနက် ၆ နာရီခန့်တွင် ကရင်နှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားကိုကျင်းပရာ တက်ရောက်လာကြသော ကရင်အမျိုးသားအပေါင်းနှင့် တိုင်းရင်းသားပြည်သူအပေါင်းတို့က အလံတင်မည့်နေရာတွင် နေရာယူကြပြီး ကရင်လူငယ်များက ကရင်အမျိုးသားအလံကိုသယ်ဆောင်လာကြကာ ကရင်နှစ်သစ်ကူးနေ့ အလံတင်အခမ်းအနားကို ကရင်ရိုးရာကျွဲချိုမှုတ်ပြီး ဖားစည်တီးကာ ဖွင့်လှစ်သည်။
ထို့နောက် သဘာပတိ ကရင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ကရင်အမျိုးသားအလံကို တိုင်ထိပ်သို့လွင့်ထူပေးရာ ကရင်အမျိုးသားအပေါင်းတို့က ကရင်အမျိုးသားသီချင်းကို စုပေါင်းသီဆိုကြပြီး ကရင်အမျိုးသားအလံအားအလေးပြုကြကာ ကရင်တိုင်းရင်းသားလူငယ်မောင်မယ်လေးများက ကရင်အမျိုးသားအလံတော် သမိုင်းကြောင်းအကျဉ်းကို (ပိုးကရင်၊ စကောကရင်၊ မြန်မာဘာသာတို့ဖြင့်) ဖတ်ကြားသည်။
ယင်းနောက် နံနက်(၇)နာရီတွင် ကရင်သက္ကရာဇ်(၂၇၆၃)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို ဆက်လက်ကျင်းပရာ ကျွဲချိုမှုတ်၍ဖားစည်တီးကာ အခမ်းအနားကိုစတင်ဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့သည့်သဝဏ်လွှာကို အခမ်းအနားအကြီးအမှူးသဘာပတိက ဖတ်ကြားပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦး Jeng Phang နော်တောင် ထံမှပေးပို့သည့်သဝဏ်လွှာကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကိုက ဖတ်ကြားည်။
ယင်းနောက် ကရင်အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကို ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ လူငယ်မောင်မယ်များက မြန်မာဘာသာ၊ ပိုးကရင်ဘာသာ၊ စကောကရင်ဘာသာတို့ဖြင့်ဖတ်ကြားကြပြီး တွဲဖက်အခမ်းအနားမှူးက ကရင်ပြည်နယ်ရှိ ဂုဏ်ပြုခံအထင်ကရသက်ကြီးကရင်အဘိုး၊ အဘွားများ၏ကိုယ်ရေးအကျဉ်းကို ဖတ်ကြားတင်ပြကာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အမှတ် (၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုခံအထင်ကရသက်ကြီး ကရင်အဘိုး၊အဘွားများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားကို စည်လုံးခြင်းသည်အင်အားဟု အဓိပ္ပာယ်ရသော အောဟုအောဟောင်ကရင်တေးသီချင်းဖြင့် သီဆိုရုပ်သိမ်းပြီး ဖီးဗူးယော် (ရိုးရာကောက်သစ်စားပွဲတော်) ကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ငြိမ်းချမ်းရေးချိုးငှက်များ ဘေးမဲ့လွှတ်ပေးခဲ့ ကြသည်။
ထို့နောက် ဖီးဗူးယော်ကောက်သစ်စားပွဲတော်ကို ဆက်လက်ကျင်းပရာ ကရင်အဘိုး၊ အဘွားများနှင့် ကရင်တိုင်းရင်သားလူငယ်မောင်မယ်များက ဖီးဗူးယော် (ခေါ်) စပါးစောင့်နတ်သမီးကို ဖိတ်ခေါ်ပင့်ဆောင်ပူဇော်၍ အခမ်းအနားမှူးက ကောက်သစ်စားပွဲ အကြောင်းရှင်းလင်းတင်ပြကာ ကရင်တိုင်းရင်းသားလူငယ်မောင်မယ်များက ဖီးဗူးယော်ဆုတောင်းတေးသီးချင်းများ စုပေါင်းသီဆို၍ ကရင်လူမျိုးတို့၏ ရှေးခေတ်ထုံးတမ်းစဉ်လာများအတိုင်း ကောက်သစ်စားပွဲကို ဆင်ယင်ကျင်းပသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသော ကရင်တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ယဉ်ကျေးမှုပြခန်း၊ ဗမာ၊ မွန်၊ ရှမ်းတိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုပြခန်း၊ ဌာနဆိုင်ရာပြခန်းများနှင့် MSMEs အသေးစား၊ အငယ်စား၊ အလတ်စားစက်မှုလက်မှုထုတ်ကုန်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ကျောင်းသားများရိပ်သာတွင်ကျင်းပသည့် ကရင်သက္ကရာဇ် (၂၇၆၃) ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၃) သိန်းနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
အလားတူ ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အထိမ်းအမှတ် ပဒေသာကပွဲကို ဇန်နဝါရီလ ၁၀ ရက်နေ့ ညပိုင်းက ဘားအံမြို့၊ သီရိကွင်း ဒုံးစင်မြင့်၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ များ၏ကပြဖျော်ဖြေမှု၊ ကရင်ရိုးရာယဉ်ကျေးမှုဒုံးအဖွဲ့များ၏ မြူးကြွသွက်လက်မြိုင်ဆိုင်စွာကပြဖျော်ဖြေမှု၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊ကျောင်းသူများ၏ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အကအလှများ၊ ကရင်ရိုးရာယဉ်ကျေးမှုတူရိယာများ တီးခတ်သီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။