Skip to main content

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း မြစ်ကြီးနားမြို့ရှိ သူနာပြုသင်တန်းကျောင်းနှင့် တိုင်းရင်းဆေးရုံများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၁၀

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင့်နိုင်နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ သူနာပြုသင်တန်းကျောင်းသို့ ရောက်ရှိကာ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံသည်။

ဦးစွာ သူနာပြုသင်တန်းကျောင်းကျောင်းအုပ်ကြီးက သူနာပြုသင်တန်းကျောင်းနှင့် ပတ်သက်၍ သင်ကြားရေးကိစ္စရပ်များ၊ သင်တန်းသား၊ သင်တန်းသူများ၏ စားသောက်နေထိုင်ရေးများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယနေ့သင်တန်းသား၊ သင်တန်းသူများသည် နောင်တစ်ချိန်တွင် နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် ကျရာအခန်းကဏ္ဍမှနေ၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိဒေသ၊ မိမိနိုင်ငံအကျိုးအတွက် နိုင်ငံ့သားကောင်းသမီးကောင်းရတနာများဖြစ်အောင် ကြိုးစားသွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျန်းမာရေးဝန်ထမ်းများအတွက် ဝတ်စုံစရိတ်၊ စားစရိတ်၊ ပညာရှင်ကြေးများ စသည်ဖြင့် ထောက်ပံ့ပေးလျက်ရှိပြီး ဝန်ကြီးဌာနကလည်း သူနာပြုသင်တန်းသား၊ သင်တန်းသူများ၏ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် မျက်ခြည်မပြတ်စောင့်ကြည့်ကာ ဘက်ပေါင်းစုံမှ ထောက်ပံ့ပေးလျက်ရှိပါကြောင်း။

သင်တန်းတက်ရောက်အောင်မြင်ပြီးပါက ကုသရေးလုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများအပြင် သင်ကြားရေးလုပ်ငန်းများကိုပါထမ်းဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ သင်တန်းကျောင်းမှ တာဝန်ရှိသူများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်၍ ပြည်ထောင်စုဝန်ကြီးက သူနာပြုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးထံ သင်တန်းသား၊ သင်တန်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့ တိုင်းရင်းဆေးရုံကြီးသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသနေသောလူနာများကို ရင်းရင်းနှီးနှီးလိုက်လံတွေ့ဆုံနှုတ်ဆက်၍ ထောက်ပံ့ငွေများ ပေးအပ်ကာ ပြည်သူလူထုအားကိုးသည့် တိုင်းရင်းဆေးရုံကြီးဖြစ်သည့် အားလျော်စွာ တိုင်းရင်းဆေးဖြင့် လူနာများ စိတ်အေးချမ်းသာစွာ ကုသနိုင်ရေး စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားပြီး တိုင်းရင်းဆေးရုံကြီးနှင့် ပရဆေးယျာဉ်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်