Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရှေးဟောင်းသာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းထားမှုအခြေအနေကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၁၀

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ (ယာပုံ)၊ ရှေးဟောင်းရေကန်များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

သာသနာရေးဆိုင်ရာများ လျှောက်ထား

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် ညောင်ဦးမြို့ အလိုတော်ပြည့်ကျောင်းတိုက်၊ အောင်မြေဗောဓိဓမ္မာရုံ၌ နိုင်ငံတော်ဩဝါဒါစရိယ၊ မြစ်ကြည့်တိုက် ဆရာတော်ဘဒ္ဒန္တဣန္နဝံသ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် လောကနန္ဒာစာသင်တိုက်ဆရာတော်၊ အောင်မြေဗောဓိအလိုတော်ပြည့် ကျောင်းတိုက်ဆရာတော် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များကို ဖူးမြော်ကြည်ညိုပြီး မြစ်ကြည့်တိုက် ဆရာတော်ကြီးထံမှ ဩဝါဒခံယူကာ ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့က ဆရာတော်အရှင်သူမြတ်များထံ လှူဖွယ်ဝတ္ထု နဝကမ္မအလှူငွေများ၊ ဥပ္ပါတသန္တိကျမ်းစာအုပ်များ၊ ဂီရိမာနန္ဒကျမ်းစာအုပ်များကို ဆက်ကပ်လှူဒါန်းပြီး မဟာဝိသုကာရာမတိုက်သစ် ဆရာတော်ဘဒ္ဒန္တ ပညာသီရိထံမှ ရေစက်ချတရား နာယူကြည်ညိုကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်တွင် အနေကဇာတင်ပူဇော်ပြီးသော ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားဆင်းတုတော် ၁၀၀၈ ဆူကို ပုဂံညောင်ဦးမြို့နယ်ရှိ အများပြည်သူများ ကိုးကွယ်ပူဇော်နိုင်ရန် ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူးနှင့် မြို့မိ မြို့ဖများထံ ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ပိဋကတ်(၃)ပုံ ပါဠိတော်၏ အဖွင့်ကျမ်းဖြစ်သော အဋ္ဌကထာ ၅၁ အုပ် ပြန်လည်ပုံနှိပ် ထုတ်ဝေနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော အလှူငွေကျပ်သိန်း သုံးထောင်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည့် ညောင်ဦးမြို့နယ် ဇေယျဝတီ ပရိယတ္တိစာသင်တိုက်၌ ဇန်နဝါရီ ၉ ရက်မှစ၍ အသံမစဲဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်နေမှုကို သွားရောက်ကြည်ညိုနာယူပြီး ဇေယျဝတီစာသင်တိုက်ဆရာတော် ဘဒ္ဒန္တအရိယအား ဖူးမြော်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ညောင်ဦးမြို့ ဘက်စုံသုံးမြို့နယ် ခန်းမအဆောက်အအုံအသစ် တည်ဆောက်ရန် ရွေးချယ်အဆိုပြုထားသော အဆောက်အအုံမြေနေရာ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန ဝန်ထမ်းများနှင့် Archaeological Survey of INDIA (ASI) အဖွဲ့တို့ ပူးပေါင်း၍ ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ခဲ့သည့် သိကြားပုန်းဘုရား ပြုပြင်ထိန်းသိမ်းထားမှု၊ ထီးလိုမင်းလိုဘုရား မိုးကြိုးလွှဲတပ်ဆင်ခြင်းနှင့် ဘုရားပရိဝုဏ်အတွင်းတွင် မူလအုတ်ကြမ်းခင်းများ စမ်းသပ်တူးဖော်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အာနန္ဒာဘုရားသို့ သွားရောက်ပြီး အရှေ့ဘက်မုခ်ရှိ ကောဏာဂုံဘုရားနှင့် အနောက်ဘက်မုခ်ရှိ ဂေါတမဘုရား (၂) ဆူအား ရွှေသင်္ကန်းကပ်လှူပြီးစီးမှုကို ဖူးမြော်ကြည်ညို၍ ပုဂံရှေးဟောင်းသုတေသန ပြတိုက်အစည်းအဝေးခန်းမ၌ ညောင်ဦးခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံ၍ ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်နိုင်ရေး မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအစိုးအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် အလံပုဂံ၊ မရိုးကန်၊ ညောင်လက်ဖက်ကန်တို့ တူးဖော်ပြုပြင်ထိန်းသိမ်းမှု၊ ပုဂံယဉ်ကျေးမှုအမွေ အနှစ်ဒေသကို Area (၁၁) ပိုင်း သတ်မှတ်၍ ဘုရားများ ရင်ပြင်တော်မှ ပေ ၂၀ အကွာ ပတ်ဝန်းကျင်ပေါင်းမြက်သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ဘုရားသွားလမ်း လမ်းဘေးဝဲယာသန့်ရှင်းရေး ဆောင်ရွက်ထားမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

သတင်းစဉ်