မြစ်ကြီးနား ဇန်နဝါရီ ၁၀
ကချင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို အနုပညာဂီတလုပ်ငန်းဖြင့် ပိုမိုထုတ်ဖော်ပြသနိုင်ရေးအတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတို့သည် ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ ကချင်အနုပညာရှင်များအသင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကချင်အနုပညာ ရှင်များ အသင်းအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ J Z ဒေါင်လွမ်း၊ အဖွဲ့ဝင် G ဇုန်းကိ၊ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရုပ်ရှင်ရုံများပြန်လည်ဖွင့်လှစ်
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယခုအခါ ရုပ်ရှင်၊ ဂီတ၊ အနုပညာ လုပ်ငန်းများသည် ပြန်လည်အသက်ဝင်နိုးထလာပြီဖြစ်ပါကြောင်း၊ နိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံများ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပြသနေပြီဖြစ်ပါကြောင်း၊ ကချင်တိုင်းရင်းသားများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို အနုပညာလုပ်ငန်းဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရေး လိုအပ်သည်များကို ဆွေးနွေးပေးကြစေလိုကြောင်း၊ မိမိတို့အနေဖြင့် တိုင်းရင်းသားများနှင့်ပေါင်းစည်းပြီး အနုပညာလုပ်ငန်းကို ပိုမိုဆောင်ရွက်စေလိုပါကြောင်း၊ MRTV တွင် ရုပ်သံလွှင့်အစီအစဉ်များစွာဖြင့် ပိုမိုသစ်လွင်သည့် အစီအစဉ်များ ထုတ်လွှင့်နိုင်ရေး စီမံဆောင်ရွက်ထားရှိပါကြောင်း၊ ယနေ့ ကချင် တိုင်းရင်းသားတို့၏ အနုပညာလုပ်ငန်းများအတွက် နိုင်ငံပိုင်မီဒီယာအဖြစ် ပံ့ပိုးကူညီလိုပါကြောင်း ပြောကြားသည်။
ညှိနှိုင်းပေါင်းစပ်ပေး
ထို့နောက် ကချင်အနုပညာရှင်များအသင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ JZ ဒေါင်လွမ်း၊ G ဇုန်းကိနှင့် အဖွဲ့ဝင်များက ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းချိတ်ဆက်၍ ဆောင်ရွက်နိုင်ရေးလိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဒေါ်ဒွဲဘူနှင့် ပြည်ထောင်စုဝန်ကြီးက ကချင်အနုပညာရှင်များ အသင်းအဖွဲ့ချုပ်၏ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ရုပ်ရှင်၊ ဗီဒီယို၊ ဂီတလုပ်ငန်းများ ထုတ်လွှင့်ပြသနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)