Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်း(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားနှင့် သက်တံ့အိမ်မသန်စွမ်းပြန်လည်ထူထောင်ရေးဂေဟာ အဆောက်အအုံဖွင့်ပွဲများ တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၁၀

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း (ကျိုင်းတုံ)၌ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၃)ကို ယနေ့နံနက်(၉)နာရီတွင် ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက သင်တန်းများတွင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးခြင်းနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးခြင်းတို့ကို သင်ကြားပေးလျက်ရှိပါကြောင်း၊ မူးယစ်ဆေးသုံးစွဲမှု လျော့နည်းစေရေးနှင့် မူးယစ်ဆေးသုံးစွဲမှုကင်းစင်ရေးတို့အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊ လူငယ်များကို အသိပညာပေးရုံသာမက ပြည်သူလူထုနှင့် ဌာနဆိုင်ရာများကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌနှင့် ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့က စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေနှင့်အားကစားပစ္စည်းများပေးအပ်ရာ စခန်းမန်နေဂျာက လက်ခံရယူသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းသားများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားပြီး သင်တန်းသားအိပ်ဆောင်နှင့် ကျောင်းပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် New Humanity Myanmar (NHM) တို့ ပူးပေါင်းဖွင့်လှစ်သော ကျိုင်းတုံမြို့နယ် သက်တံ့အိမ်မသန်စွမ်းပြန်လည်ထူထောင်ရေး နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကဗ္ဗည်းဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သက်တံ့အိမ်မသန်စွမ်း ပြန်လည်ထူထောင်ရေးဂေဟာတွင် နေ့ပိုင်းစောင့်ရှောက်မှုပေးနေသော မသန်စွမ်းကလေးငယ်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး စားသောက်ဖွယ်ရာများနှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်သည်။ သက်တံ့အိမ်မသန်စွမ်း ပြန်လည်ထူထောင်ရေး နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာသည် မသန်စွမ်းကလေးငယ် (၅၀) ကို လက်ခံစောင့်ရှောက်ပေးနိုင်ပြီး ဂေဟာကို ၂၀၂၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာနက ထောက်ပံ့လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော ကလေးအသက် ၂ နှစ်အထိ ထောက်ပံ့မှုများကို ကလေးငယ်များ အာဟာရဖွံ့ဖြိုးရေးကို ဦးတည်ဆောင်ရွက်လျက်ရှိရာ ကျိုင်းတုံခရိုင်အတွင်းရှိ မြို့နယ် ၅ မြို့နယ်အတွက် အကျိုးခံစားခွင့်ရှိသူ စုစုပေါင်း(၅၄၉၅)ဦးကို ၂၀၂၃ ခုနှစ်စက်တင်ဘာလတွင် ထောက်ပံ့ပေးခဲ့ပြီး ဖြစ်သည်။ ယခုအခါတွင် နိုင်ငံသားအသိအမှတ်ပြုကတ်ပြား ပြန်လည်ဆောင်ရွက်ပြီးသော အကျိုးခံစားခွင့်ရှိသူ (၄၁၄) ဦးအတွက် ဒုတိယအသုတ် အဖြစ်ထောက်ပံ့ပေးခဲ့သည်။ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသော ကလေးအသက် ၂ နှစ်အထိ ထောက်ပံ့မှုများကို ကလေးစုစုပေါင်း (၅၈၇၃) ဦးအတွက် ထောက်ပံ့ငွေကျပ်သန်း(၂၅၅ဒသမ၆၃) ထောက်ပံ့ပြီးဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)