Skip to main content

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇန်နဝါရီ ၉

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခုနစ်ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(ငြိမ်း)၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)အဖွဲ့ဝင် ဦးခွန်ဥက္ကာနှင့် ဦးမျိုးဝင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှဥက္ကဋ္ဌ စောမြရာဇာလင်း၊ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ ဒုတိယဥက္ကဋ္ဌကျာဖူး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ခွန်မင်းသိန်း၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)မှ ဆက်ဆံရေးဌာနမှူး စောကျော်သန်းဌေး၊ မွန်ပြည်သစ်ပါတီ (NMSP) မှ ဗဟိုဖွံ့ဖြိုးရေးဌာန ဒုတိယတာဝန်ခံ နိုင်ညီညီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)မှ ဗဟိုဦးစီးကော်မတီဝင် နန်းစံဖောင်းတို့ ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကိုယ်စား KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူးတို့က နှုတ်ခွန်းဆက်အမှာစကားများ ပြောကြား ကြသည်။

ထို့နောက် ရှေ့ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရှိရာ ဒေသများတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်း ခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ကိုယ်စား ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့က နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်