နေပြည်တော် ဇန်နဝါရီ ၈
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ပြည်သူ့ဆေးရုံကြီး (၅) ထပ်ကုသဆောင်သစ်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတို့မှ ပါမောက္ခ/အထူးကုဆရာ ဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ ဒုတိယအကြိမ်အဖြစ် သွားရောက်၍ ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့မှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများကို ဆေးကုသမှုများ ဆောင်ရွက်ပေးသည်။
အဆိုပါခရီးစဉ်အတွင်း အထွေထွေရောဂါ ဆေးပညာဆိုင်ရာလူနာ ၁၁၇ ဦး၊ ဆီးနှင့် ကျောက်ကပ်ဆေးကုသမှုဆိုင်ရာ လူနာ ၃၈ ဦး၊ ဆီးချိုနှင့်ဟော်မုန်းရောဂါဆိုင်ရာလူနာ ၇၅ ဦး၊ မျက်စိရောဂါဆိုင်ရာလူနာ ၁၁၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါဆိုင်ရာလူနာ ၆၄ ဦး၊ နှလုံး ဆေးကုသမှုဆိုင်ရာလူနာ ၆၀၊ အစာအိမ်အူလမ်းကြောင်းဆိုင်ရာလူနာ ၁၆ ဦး၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာလူနာ ၂၆ ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာလူနာ ၆၉ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာလူနာနှစ်ဦး၊ ကင်ဆာရောဂါဆိုင်ရာလူနာ ၁၄ ဦး၊ အသည်းဆေးကုသမှုဆိုင်ရာလူနာ ၁၀ ဦး၊ အရိုးရောဂါလူနာ ၁၅၈ ဦး၊ အထွေထွေ ခွဲစိတ်ကုသဆိုင်ရာ လူနာ ၅၀၊ ကလေးရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ စိတ်ကျန်းမာရေးနှင့် သွားနှင့်ခံတွင်းအပါအဝင် အခြားလူနာ ၃၅ ဦး စုစုပေါင်း ဒေသခံပြည်သူ ၈၅၀ ကို ကြည့်ရှုကုသမှုပေးနိုင်ခဲ့သည်။
လာရောက်ပြသသော လူနာများတွင် ပြည်မြို့သာမက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရွှေတောင်၊ ပေါက်ခေါင်း၊ သဲကုန်း၊ နတ်တလင်း၊ ပေါင်းတည်၊ ဇီးကုန်း၊ ပန်းတောင်းမြို့များမှလည်းကောင်း၊ မကွေးတိုင်းဒေသကြီးရှိ အောင်လံမြို့တို့မှလည်းကောင်း မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများပါဝင်ပြီး ရောဂါရှာဖွေစမ်းသပ်မှုများအနေဖြင့် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း (Echo-cardiography) ၅၀၊ အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း (OGDS) ခုနစ်ဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (CT scan) လေးဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၁၀၄ ဦး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ၃၈၀၊ Ultrasound ရိုက်ကူးခြင်း ၅၄ ဦးနှင့် နှလုံးစက်ဖြင့် စစ်ဆေးခြင်း (ECG) ၁၇၇ ဦးတို့ကို စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့သည်။ ထို့ပြင် ဦးနှောက်နှင့် အာရုံကြောခွဲစိတ် ကုသမှုဆိုင်ရာလူနာတစ်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
အထူးကု ဆေးကုသရေးအဖွဲ့မှ ပါမောက္ခ/ဌာနမှူး (ဆီးနှင့် ကျောက်ကပ်ဆေးကု) ပါမောက္ခ ဒေါက်တာသူဇာသင်းသည် ဆီးနှင့် ကျောက်ကပ်ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းအား လာရောက်ပြသသူလူနာများအတွက် ဆောင်ရွက်ခဲ့ပြီး တွဲဖက်ပါမောက္ခ (ဆီးချိုနှင့်ဟော်မုန်း) ဒေါက်တာမောင်မောင်သန့်သည် သူနာပြုများနှင့် သူနာပြုသင်တန်းသူ/သင်တန်းသားများအား ဆီးချို ရောဂါကုသမှုဆိုင်ရာ သင်ခန်းစာများ သင်ကြားပေးခဲ့ကာ လာရောက်ပြသသော လူနာများအား နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါဆိုင်ရာ အသိပညာပေးစာစောင်များ ဖြန့်ဝေ ပေးခဲ့သည်။
ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များသည် ဇန်နဝါရီ ၇ ရက် နှင့် ၈ ရက်တို့တွင် လာရောက်ပြသကုသမှုခံယူကြသော လူနာများကို ကြည့်ရှုအားပေးပြီး ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများအား တွေ့ဆုံနှုတ်ဆက်၍ ကျေးဇူးတင် စကားပြောကြားပြီး နေ့လယ်စာ အတူ သုံးဆောင်ကာ ဒေသထွက်လက်ဆောင်များ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ လာ ရောက်ပြသသော လူနာများကို ပြည်ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက နေ့လယ်စာအာဟာရဒါနထမင်းဘူးများ ဝေငှပေးခဲ့သည်။
ရန်ကုန်/ မန္တလေး/ နေပြည်တော်မှ အထူးကုသမှုဆိုင်ရာ (Super specialty) ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများ၏ အထူးကုကွင်းဆင်းကုသရေးခရီးစဉ်များကို ၂၀၂၃ ခုနှစ်အတွင်း (၁၅)ကြိမ် ဆောင်ရွက်ထားရှိပြီး ၂၀၂၄ ခုနှစ်အတွင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်