Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် အမှာစကားပြောကြား

နေပြည်တော် ဇန်နဝါရီ ၈

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဆပ်ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊ တပ်မတော်မှ အရာရှိကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့်အစည်းအဝေးသည် ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက် (၅) ရပ်နှင့်အညီ ကျင်းပနိုင်ရန် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီ၏ ပထမအကြိမ်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း။

ဦးတည်ချက်များနှင့်အညီ ကျင်းပသွားမည်

၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက် (၅) ရပ် ဖြစ်သည့် ပြည်ထောင်စုကြီး ထာဝစဉ်တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကာကွယ်စောင့်ရှောက်ရေး၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ အပြည့်အဝရရှိစေရန်အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူ အတူတကွ လက်တွဲကြိုးပမ်းဆောင်ရွက်ရေး၊ တိုင်းရင်းသားပြည်သူအားလုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့် MSME အခန်းကဏ္ဍတို့ မြှင့်တင်ဆောင်ရွက်ရေး၊ နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ပေါ်လာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေး တိုင်းရင်းသားအားလုံး ဝိုင်းဝန်းဆောင်ရွက်ရေးဆိုသည့် ဦးတည်ချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း။

ပြည်ထောင်စုနေ့အခမ်းအနားသည် နိုင်ငံတော်အဆင့်အခမ်းအနားဖြစ်ပြီး နှစ်စဉ်ကျင်းပလျက်ရှိသည့် အခမ်းအနားဖြစ်သောကြောင့် အတွေ့အကြုံများရှိကြပြီးဖြစ်သည့်အတွက် သက်ဆိုင်ရာကော်မတီများနှင့် ဆပ်ကော်မတီများအနေဖြင့် ယခင်နှစ်များက အခမ်းအနား၏ အတွေ့အကြုံများကိုလေ့လာပြီး ချို့ယွင်းချက်၊ အားနည်းချက်နှင့် အခက်အခဲများ မဖြစ်ပေါ်စေရန်အတွက် ယခုနှစ်တွင် ပိုမိုကောင်းမွန်ပြည့်စုံစေရေး အချင်းချင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း။

အသေးစိတ်ရှင်းလင်းတင်ပြ

ယနေ့ကျင်းပသည့် ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးမတိုင်မီကပင် ပြည်ထောင်စုနေ့ကျင်းပရေး ကော်မတီ (၇) ခုနှင့် ဆပ်ကော်မတီ (၈) ခုက ဆောင်ရွက်သင့်သည့်ကိစ္စများကို ကြိုတင်အတည်ပြုချက်၊ ညွှန်ကြားချက်များရယူပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ယခုညှိနှိုင်းအစည်းအဝေးတွင် ကော်မတီအသီးသီးနှင့် ဆပ်ကော်မတီအသီးသီးက မိမိတို့၏လုပ်ငန်းဆောင်ရွက်ချက်များကို အသေးစိတ် ရှင်းလင်းတင်ပြသွားကြရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာလ ပြီးဆုံးသွားသော်လည်း ကိုဗစ်-၁၉ ရောဂါပိုးများသည် အနည်းနှင့်အများကူးစက်နိုင်သည့်အတွက် ယခုအခမ်းအနားသို့ လာရောက်ကြမည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် ဧည့်သည်တော်များအားလုံး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက် (၅) ရပ်နှင့် ဒို့တာဝန်အရေး (၃) ပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် ဦးတည်ချက်များနှင့်အညီ တိုင်းရင်းသားများစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးအတွက် အဓိကထားပြီး ရည်ရွယ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများအားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

တိတိကျကျစစ်ဆေးဆောင်ရွက်ရမည်

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင်လည်း မိမိတို့နိုင်ငံ၏ နှစ်ပေါင်း ၇၀ ကျော်ကြာ လူမျိုးစုလက်နက်ကိုင်ပဋိပက္ခများ အဆုံးသတ်နိုင်ရန်အတွက် တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးဟူသော နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ကို အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သဘောတူထူထောင်ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့အခမ်းအနားသည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် ကျန်းမာရေး၊ လုံခြုံရေးကို အထူးဂရုစိုက်စိစစ်ပြီး သေသေချာချာ တိတိကျကျ စစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ ယခင်အခမ်းအနားများထက်ပို၍ တင်းတင်းကျပ်ကျပ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

သက်ဆိုင်ရာကော်မတီများနှင့် ဆပ်ကော်မတီအလိုက် လုပ်ငန်းများဆောင်ရွက်ရာတွင် အခမ်းအနားအစမ်းလေ့ကျင့်ခြင်းနှင့် အခမ်းအနားကျင်းပသည့်အခါတွင် လုံခြုံရေးတိုးမြင့်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လုံခြုံရေးလျော့နည်းဖြစ်စဉ်များ မဖြစ်ပေါ်စေရေး ကြိုတင်ဇာတ်တိုက်လေ့ကျင့်ထားခြင်းများ ပြုလုပ်ရန်လိုအပ်ကြောင်း၊ ပြည်ထောင်စုနေ့အခမ်းအနားတွင် နိုင်ငံတော်က အလေးထားဆောင်ရွက်နေသည့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုမည့် MSME လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် One Region One Product အဓိကထုတ်ကုန်အပါအဝင် မိမိပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အခြားသော ထုတ်ကုန်အမည်အမျိုးမျိုးကို ပါဝင်ပူးပေါင်းခင်းကျင်းပြသခြင်းဖြင့် မိမိတို့ ထုတ်ကုန်များအား အချင်းချင်းပညာရပ်ဆိုင်ရာ ဖလှယ်နိုင်ခြင်း၊ ပြည်သူများ အသိပညာတိုးလျက် ပြည်တွင်းဖြစ်ကို ပိုမိုဝယ်ယူအားပေးလာနိုင်ခြင်း၊ ထုတ်ကုန်ပစ္စည်းများ၏ လုပ်ငန်းသဘောသဘာဝနှင့် ထပ်မံ၍ အနာဂတ်အတွက် ရည်ရွယ်ထားသော လုပ်ငန်းများအတွက် အကြံဉာဏ် အတွေးအခေါ်ကောင်းများ ရရှိစေခြင်းစသည့်ရည်ရွယ်ချက်များနှင့်အညီ MSME ပြခန်းများ ခင်းကျင်းပြသသင့်ပါကြောင်း၊ ပြခန်းများ လာရောက်၍ ထုတ်ကုန်ပစ္စည်းများ လေ့လာဝယ်ယူအားပေးစဉ် ပြခန်းများနှင့် တွဲလျက် ဒေသအစားအစာများ နှစ်သက်ရာစားသုံးနိုင်ရန်နှင့် ဖျော်ဖြေရေးကဏ္ဍများတွဲလျက် ဆောင်ရွက်ပါက ပို၍ကောင်းမွန်သောအစီအမံများ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ ပြပွဲမှတစ်ဆင့် နိုင်ငံ့အတွက် MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦး မိမိထုတ်ကုန်ပစ္စည်းများကို ကောင်းသောယှဉ်ပြိုင်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းသုံးထုတ်ကုန်ပစ္စည်းများမှ ပြည်ပတင်ပို့နိုင်သည့် အမယ်သစ်အရည်အသွေးကောင်း ထုတ်ကုန်ပစ္စည်းများ ဖြစ်ပေါ်စေပြီး MSME လုပ်ငန်းများမှာလည်း ပြည်တွင်း၌ပင် ပိုမိုတိုးတက်ဖွံ့ဖြိုးလာနိုင်မည်ဖြစ်ပါကြောင်း။

ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို တိတိကျကျ ဆောင်ရွက်သွား ကြရမည်ဖြစ်သကဲ့သို့ တစ်ဖက်ကလည်း အခမ်းအနားကျင်းပနေစဉ်အတွင်း ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်လာပါကလည်း အချိန်နှင့်တစ်ပြေးညီသိရှိပြီး ဖြေရှင်းနိုင်မည့်နည်းလမ်းများကို စီမံချက်ရေးဆွဲ၍ ကြိုတင်ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်သွားရန် လိုကြောင်း၊ ပြည်ထောင်စုနေ့နှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်ရေဒီယို၊ သတင်းစာများ၊ ရုပ်မြင်သံကြားတို့တွင် ဆွေးနွေးပွဲစကားဝိုင်းများနှင့် သိသင့်သိထိုက်သည့်များကို ကြိုတင်ဆောင်ရွက်သွားရန်လိုကြောင်း၊ ယနေ့အစည်းအဝေးတွင် ကြိုတင်ခွင့်ပြုထားသည့်ကော်မတီများနှင့် ဆပ်ကော်မတီများက မိမိတို့လုပ်ငန်းများဆောင်ရွက်နေမှု၊ ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းဆောင် ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းဆွေးနွေးတင်ပြ

ယင်းနောက် လုံခြုံရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီ၊ ပြန်ကြားရေးဆပ်ကော်မတီ၊ ညစာစားပွဲဖျော်ဖြေရေး ဆပ်ကော်မတီ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆပ်ကော်မတီ၊ သဝဏ်လွှာပြုစုရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ ယဉ်ကျေးမှုအဖွဲ့များ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် နေရာချထားရေးဆပ်ကော်မတီ၊ မြေစိုက်ပိုစတာများ စိုက်ထူရေးဆပ်ကော်မတီ၊ နိုင်ငံတော်အလံတင်အခမ်းအနားစီစဉ်ရေးဆပ်ကော်မတီ၊ မီးရှူးမီးပန်းများပစ်ဖောက်ရေးဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေးဆပ်ကော်မတီ၊ ညစာစားပွဲခင်းကျင်းကျွေးမွေးရေးဆပ်ကော်မတီနှင့် အခမ်းအနားပြင်ဆင်ရေး ဆပ်ကော်မတီတို့မှ ကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်သွားကြမည့် အစီအမံများကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆက်လက်၍ ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက်လာကြသူများက (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး

ထို့နောက် ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်