နေပြည်တော် ဇန်နဝါရီ ၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် သမဝါယမစနစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် မြစ်ကြီးနားမြို့နယ် မော်ဖောင်းနယ်မြေ (၈) ခေတ်မီစံပြကျေးရွာသို့ ရောက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး သမဝါယမအသင်းသား တောင်သူများ၊ ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံ၍ မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏လမ်းညွှန်ချက်များနှင့်အညီ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ ကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေးစသည့် ရည်ရွယ်ချက်များဖြင့် ခေတ်မီစံပြကျေးရွာများ တည်ထောင်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာသူကျေးရွာသားများကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန်လိုကြောင်း မှာကြားကာ ကျေးရွာသူ ကျေးရွာသားများ၏ ဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော နန်ပေါင်ရှောင်ကွင်းလမ်းနှင့် မော်ဖောင်းကျေးရွာနယ်မြေ (၈) တို့ကို ဆက်သွယ်သော လမ်းအရှည် (၃၂၈၀) ပေ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းလုပ်ငန်းများ အရည်အသွေးပြည့်မီစွာ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးရေး မှာကြားကာ လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့နယ်၊ ပမ္မတီးရပ်ကွက်ရှိ ငါးအိုးစိုက်ပျိုးရေးနှင့် ထုတ်လုပ်ရေးသမဝါယမအသင်းသို့ ရောက်ရှိပြီး ပဲပုတ်စိုက် အသင်းသားတောင်သူများနှင့်တွေ့ဆုံ၍ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သဘာဝမြေဩဇာများ ရောနှောအသုံးပြုရေး မှာကြားကာ အသင်းသားတောင်သူများ၏ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ် ဖြည့်ဆည်းဆောင် ရွက်ပေးသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် အသင်းသားတောင်သူ ဦးချစ်ဆွေ၏ လယ်မြေ (၄၇) ဧက၌ ပဲပုတ်များ စိုက်ပျိုးထားမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်