Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုကုန်ကြမ်းသုံး စားသုံးဆီများ သိုလှောင်ဖြန့်ဖြူးနေမှုနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သကြားစက်များအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၈

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အလုံဆိပ်ကမ်းသို့ ရောက်ရှိပြီး MV. Yong Sheng 151 သင်္ဘောပေါ်သို့ Tun Myat Thu ကုမ္ပဏီလီမိတက် Hey Day Energy ကုမ္ပဏီလီမိတက်၊ Asia Empower ကုမ္ပဏီလီမိတက်၊ Myanmar Pulses Zone Co., Ltd. တို့က ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့မည့် ပြောင်းစေ့တန် ၁၁၅၀၀ တင်ဆောင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာအထိ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် စင်္ကာပူနိုင်ငံသို့ ပြောင်းစေ့တန်ချိန် ၉၃၄၈၈၂ တန် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၇၉ သန်းရရှိခဲ့ကြောင်း၊ ထို့ကြောင့် ပြောင်းစေ့များကို ပြည်ပသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန်အတွက် မှန်ကန်သည့် ကုန်သွယ်မှုဖြစ်ပေါ်စေရန်နှင့် ကုန် သွယ်မှုလုပ်ငန်းများ လျင်မြန်ချောမွေ့ စေရန် ဘက်စုံကြိုးပမ်း ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကြည့်မြင်တိုင်မြို့နယ်ရှိ Kyimyindaing International Port (KMP) တွင် တင်သွင်းရောက်ရှိပြီးသော စားအုန်းဆီများကို မြန်မာ့ကုန် ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက်မှ စစ်ဆေးထားရှိမှု၊ စစ်ဆေးပြီး စားအုန်းဆီများကို သိုလှောင်ကန်များတွင် သိုလှောင်ထားရှိမှုနှင့် သိုလှောင်ကန်မှ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ရည်ညွှန်းဈေးဖြင့် ဖြန့်ခွဲရောင်းချရန် စားအုံးဆီများကို တိုင်ကီနှင့် Boxer ထဲသို့ ဖြည့်ထည့်မှု၊ အလေးချိန် ပြည့်ဝမှန်ကန်ရန် စစ်ဆေးမှု၊ ဆီဖြည့်ပြီးတိုင်ကီနှင့် Boxer များ အဖုံးပိတ်လုံခြုံမှုစနစ် ဆောင်ရွက်မှုတို့ကို စစ်ဆေးပြီး သတ်မှတ်အလေးချိန် ပြည့်မီစေရန်၊ အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေရန်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ သယ်ယူရာလမ်းတစ်လျှောက်တွင် ဆီလျှော့နည်းမှု မရှိစေရန် စနစ်တကျ ဆောင်ရွက်ရန်မှာကြား သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်ရှိ အမှတ် (၅) သကြားစက် မြို့လှသို့ ရောက်ရှိရာ တာဝန်ရှိသူများက သကြားကြိတ်ခွဲထုတ်လုပ်ရန် ကြံဝယ်ယူရရှိမှု၊ ကြိတ်ခွဲမှုအဆင့်ဆင့်နှင့် ကုန်ချောသကြားများ ပြည်တွင်းသို့ ဖြန့်ဖြူးရောင်းချနေမှုအခြေအနေကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းစားသုံးရန်အတွက် လုံလောက်စွာဖြန့်ဖြူးရန်နှင့် လိုအပ်သောဒေသများသို့ အချိန်မီရောက်ရှိရေး ဆောင်ရွက်ရန်၊ စားသုံးသူများကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချရန်နှင့် ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်ရန် မှာကြားသည်။

အဆိုပါ သကြားစက်သည် တစ်ရက်လျှင် ကြံ ၂၂၀၀ တန် ကြိတ်နိုင်ပြီး တစ်ရက် သကြားဖြူ ၂၁၆ တန် ထွက်ရှိကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း သကြားဖြူ ၁၃၀၅၇ တန် ထုတ်လုပ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်