Skip to main content

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အခမ်းအနားမှူးသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၈

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အခမ်းအနားမှူးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၁)၊ အစည်းအဝေးခန်းမ၌ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/ အမှုထမ်းများ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဌာနမှ အရာထမ်း/ အမှုထမ်းများအနေဖြင့် ဘာသာရေးဆိုင်ရာ အခမ်းအနားများနှင့်ပတ်သက်၍ ကျွမ်းကျင်စွာ စီစဉ်ဆောင်ရွက်လုပ်ကိုင်တတ်ရန် အထူးလိုအပ်မည်ဖြစ်ပါကြောင်း၊ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို ကောင်းမွန်စွာ သိရှိနားလည်ထားရန်လိုအပ်ပြီး ကြိုတင်ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်း စီစဉ်ဆောင်ရွက်တတ်ရန်လိုအပ်ပါကြောင်း၊ အခမ်းအနားမှူးသည် အခမ်းအနားတစ်ခုလုံးကို စီစဉ်ညွှန်ကြားဆောင်ရွက်ရသူဖြစ်သည့်အတွက် မိမိစီစဉ်ဆောင်ရွက်ရမည့်အခမ်းအနားနှင့်ပတ်သက်ပြီး အခြေအနေအရပ်ရပ်ကို သိရှိနားလည်အောင် ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ကြမည့် သင်တန်းသား အရာထမ်း/ အမှုထမ်းများအနေဖြင့် သာသနာတော်ဆိုင်ရာအခမ်းအနားများကို သာသနာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျင်းပနိုင်ရေးအတွက် ဘာသာရေးစာပေကျမ်းဂန်များ နှံ့စပ်မှုရှိအောင် လေ့လာကြိုးစားအားထုတ်သွားကြပါရန် တိုက်တွန်းပြောကြားသည်။

အခမ်းအနားမှူးသင်တန်းကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး (သာသနာရေး) မှ သင်တန်းသား ၃ ဦး၊ သာသနာရေးဦးစီးဌာနမှ သင်တန်းသား ၁၃ ဦးနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သင်တန်းသား ၁၀ ဦး၊ စုစုပေါင်း သင်တန်းသား ၂၆ ဦး တို့ကို ရက်သတ္တပတ် ၂ ပတ်အကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်