နေပြည်တော် ဇန်နဝါရီ ၈
သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အာဆီယံဒေသတွင်းနိုင်ငံများတွင် ဘေးအန္တရာယ်ဖြစ်ပွားပါက ကူညီထောက်ပံ့ရေးလုပ်ငန်းများကို ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ပေး နိုင်ရေး “အာဆီယံအရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးစနစ်” “Disaster Emergency Logistics System for ASEAN (DELSA)” ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကာလအပိုင်းအခြားအလိုက် လုပ်ငန်းစီမံကိန်းများ သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဗဟိုသိုလှောင်ရုံ (၂) ခု၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် သိုလှောင်ရုံ (၁၅) ခု၊ ခရိုင်အဆင့် သိုလှောင်ရုံ (၅၆) ခု၊ မြို့နယ်အဆင့် သိုလှောင်ရုံ (၇၃) ခု၊ စုစုပေါင်းသိုလှောင်ရုံ (၁၄၆) ခုဖြင့် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအနေဖြင့် အဆိုပါသိုလှောင်ရုံများကို စနစ်တကျစီမံခန့်ခွဲနိုင်ရေးရည်ရွယ်၍ ယခုသင်တန်း ကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိသည့် အသိပညာဗဟုသုတများကို လက်တွေ့လုပ်ငန်းခွင်တွင် စနစ်တကျ ထိထိရောက်ရောက် အသုံးပြုကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ နည်းပြများနှင့် သင်တန်း သား/သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (ရုံးချုပ်) နှင့် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်ဦးစီးမှူးရုံးများမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းကို ဇန်နဝါရီ ၈ ရက်မှ ၁၂ ရက်အထိ (၅) ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်