နေပြည်တော် ဇန်နဝါရီ ၆
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME ထုတ်ကုန်ပစ္စည်းများအား ဈေးကွက်ပိုမိုကျယ်ပြန့်စွာ ရရှိလာစေရန်နှင့် Digital စနစ်တွင် လိုက်ပါဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ “E-Market Platform ပေါ်ရှိ MSME ထုတ်ကုန်အရောင်းပြခန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန၌ ကျင်းပသည်။
အခမ်းအနားသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ရန်ကုန်တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနာယက၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့သည် E-Market Platform ပေါ်ရှိ MSME ထုတ်ကုန်အရောင်းပြခန်းဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး MSME ထုတ်ကုန်အရောင်းပြခန်းများကို လှည့်လည် ကြည့်ရှုသည်။
ဆက်လက်၍ ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းကို MSME Center ရှိ မြေညီထပ်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက “E-Market Platform ပေါ်ရှိ MSME ထုတ်ကုန်အရောင်းပြခန်း” တွင် ပြသရောင်းချမည့်ထုတ်ကုန်များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဒေသအလိုက် ထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံပြီး ထုတ်လုပ်ထားသော MSME ထုတ်ကုန်များကို တစ်စုတစ်စည်းတည်း ပြသရောင်းချရာနေရာ၊ စျေးကွက်ချိတ်ဆက်ပေးရာ Platform တစ်ခုဖြစ်ပြီး နိုင်ငံ့စီးပွားရေးမြှင့်တင်ပေးနိုင်မှုနှင့်လည်း ပတ်သက်ဆက်နွှယ်နေသည့်အတွက် အဖိုးတန်အနှစ်သာရများနှင့် ပြည့်နှက်နေသည့် နေရာတစ်ခုဖြစ်ကြောင်း။
MSME ထုတ်ကုန်ပြခန်းတွင် ပါဝင်ပြသရောင်းချသည့် MSME ထုတ်ကုန်များအားလုံးသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ MSME လုပ်ငန်းရှင်များက ကိုယ်တိုင်တိုက်ရိုက်ချိတ်ဆက်ပေးပို့၍ ပါဝင်ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ လက်လီလက်ကား ဝယ်ယူလိုသူများနှင့် တစ်ဆင့်ပြန်လည်ရောင်းချလိုသူများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့မှ ပင်ရင်းဆိုင်များအထိ တကူးတက အချိန်ကုန်၊ ငွေကုန် ခံ၍ သွားရောက်ဝယ်ယူစရာမလိုဘဲ ယခုဖွင့်လှစ်သည့် MSME ထုတ်ကုန်ပြခန်းတွင် အဆင်ပြေချောမွေ့ပြီး ယုံကြည်စိတ်ချစွာဖြင့် လာရောက်ရွေးချယ်ဝယ်ယူနိုင်ကြောင်း၊ ကုန်ပစ္စည်းများ၏ ဈေးနှုန်းသည်လည်း ပင်ရင်းဆိုင်များနှင့် ကွာခြားမှုမရှိဘဲ လက်လီလက်ကားဈေးများသည်လည်း ပြောင်းလဲမှုရှိမည်မဟုတ်ကြောင်း၊ ပြည်ပနိုင်ငံများမှ လာရောက်လည်ပတ်သည့် ဧည့်သည်များအနေဖြင့် မြန်မာ့ထုတ်ကုန်များကို တစ်စုတစ်စည်းတည်း၊ တစ်နေရာတည်းတွင် ကြည့်ရှုလေ့လာခွင့်ရရှိစေပြီး အရည်အသွေးနှင့် ထုပ်ပိုးမှုကောင်းမွန်လှပသည့် မြန်မာ့ MSME ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ရောက်ရှိစေရန်အတွက် အစပြုသည့် ခြေလှမ်းတစ်လှမ်းဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အထူးအလေးပေးဆောင်ရွက်နေသည့် MSME ကုန်ထုတ်လုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ခြင်းအားဖြင့် နိုင်ငံ့စီးပွားကို မြှင့်တင်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ယခုဖွင့်လှစ်သည့် MSME ထုတ်ကုန်ပစ္စည်းအရောင်းပြခန်းတွင် ပြည်တွင်းလုပ်ငန်းရှင် ၁၇၁ ဦး မှ ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်း ၉၀၆ မျိုးကို ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ရာ မည်သူမဆို လာရောက်လေ့လာကြည့်ရှုဝယ်ယူနိုင်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်) သို့ ရောက်ရှိပြီး ဆေးပြားနှင့်ဆေးတောင့် ထုတ်လုပ်ရေးအလုပ်ရုံ၌ ဆေးပြားနှင့် ဆေးတောင့်များ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် စက်ရုံအစည်းအဝေးခန်းမ၌ အရာထမ်းများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဆေးဝါးစက်ရုံ (အင်းစိန်) အနေဖြင့် အများပြည်သူလိုအပ်သော ဆေးဝါးများကို ထုတ်လုပ်ဖြည့်ဆည်းနေသည့် စက်ရုံဖြစ်၍ လုပ်ငန်းတာဝန်များကို အလေးထားဆောင်ရွက်ရန်၊ ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် စက်ပစ္စည်းများ ပျက်စီးမှုမရှိစေရေးအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အမြဲမပြတ်ဆောင်ရွက်ရန်နှင့် လိုအပ်သော စက်အရန်ပစ္စည်းများကိုလည်း ကြိုတင်ဖြည့်ဆည်းထားရန်၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကိစ္စရပ်များကို ဆောင်ရွက်ပေးရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ Agro Future Myanmar Co., Ltd. သို့ ရောက်ရှိပြီး တစ်နာရီလျှင် တစ်ဧကစိုက်ပျိုးနိုင်သည့် ကောက်စိုက်စက်များ ထုတ်လုပ်တပ်ဆင်နေမှုအခြေအနေတို့ကို အားပေးကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်