Skip to main content

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ပြည်သူ့ဆေးရုံကြီး ပြည်မြို့ ငါးထပ်ကုသဆောင်သစ်နှင့် ပြည်သူ့ဆေးရုံပန်းတောင်းမြို့ နှစ်ထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားများ တက်ရောက်ဖွင့်လှစ်

နေပြည်တော် ဇန်နဝါရီ ၅

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ပြည်သူ့ဆေးရုံကြီး၊ ငါးထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဒေသကွပ်ကဲရေးစစ်ဌာနချုပ်၊ (ပြည်)မှ ဒေသကွပ်ကဲရေး စစ်ဌာနချုပ်မှူး၊ ဗိုလ်မှူးချုပ်ဆန်းဌေးမောင်နှင့် တပ်မတော်အရာရှိကြီးများ၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အထူးကုဆရာဝန်ကြီးများ၊ တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး၊ ဆေးရုံအုပ်ကြီး၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်မြို့ပြည်သူ့ဆေးရုံကြီး ငါးထပ်ကုသဆောင်သစ်ကို ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်း‌ပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယနေ့ဖွင့်လှစ်သည့် ငါးထပ်ကုသဆောင်သစ်အပြင် ပဲခူးတိုင်းဒေသကြီး အတွင်း၌ ပန်းတောင်းမြို့၊ လက်ပံတန်းမြို့၊ ကြို့ပင်ကောက်မြို့နှင့် နတ္တလင်းမြို့တို့၌ ကုသဆောင်သစ်များ ဖွင့်လှစ်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အခြေခံအဆောက်အဦ (Infrastructure) များ ဖြည့်ဆည်းဆောင်ရွက်ပေးသကဲ့သို့ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များကိုလည်း ဘက်ပေါင်းစုံမှ မွေးထုတ်ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများ၏ ဆေးကုသမှုအရည် အသွေးမြှင့်တင်ရေးအတွက်လည်း နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပဲခူးတိုင်း ဒေသကြီးတွင် ခုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး နှစ်ရုံအပါအဝင် ဆေးရုံပေါင်း ၁၁၂ ရုံ ဖွင့်လှစ်ထား ပြီး လူနာခုတင် ၃၆၆၂ ခုတင်အထိ လက်ခံကုသပေးနိုင်ပါကြောင်း၊ ပြည်မြို့အတွက်သာမက ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်များကပါ လွှဲပြောင်းကုသ ဆောင်ရွက်နိုင်မည့် ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးဖြစ်သည်နှင့်အညီ ပြည်သူ့ဆေးရုံကြီး ပြည်မြို့တွင် အထူးကုဌာန ၁၃ ခု ဖွင့်လှစ်ကာ အထူးကုဆရာဝန်များ သာမက လက်ထောက်ဆရာဝန်၊ သူနာပြု၊ ဆေးဘက်ကျွမ်းကျင်အင်အားလည်း အများအပြားဖြည့်ဆည်းထားပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးကုသမှုဆိုင်ရာ ဝန်ဆောင်မှုပိုမိုကောင်းမွန်စေရေးအတွက် အထူးကုပြင်ပလူနာဌာနများကို တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုကွင်းဆင်းကုသမှုခရီးစဉ် များဖြင့်လည်း အားဖြည့်ဆောင် ရွက်လျက်ရှိပါကြောင်း၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအတွက်လည်း ဆေးကုသမှုဆောင်ရွက်ပေးသည့်အပြင် မိမိအိတ်ထဲမှ စိုက်ထုတ်ရသည့် ကုန်ကျစရိတ်များအတွက် ဝန်ကြီးဌာနအနေဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သည့် ဆေးရုံကြီးရေရှည်တည်တံ့ ခိုင်မြဲအောင် ကျန်းမာရေးဝန်ထမ်းများအားလုံး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်သူ့ဆေးရုံကြီးနှင့် အခြားသော ပြည်သူ့ဆေးရုံများအတွက် လိုအပ်သည်များ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟနှင့် ပြည်သူ့ဆေးရုံကြီး ပြည်မြို့မှဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးတို့က ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်များကို နေရာအရောက်ပေးအပ်၍ ဆေးရုံအုပ်ကြီးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ငါးထပ်ကုသဆောင်သစ်အတွင်း အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ ပုံရိပ်ဖော်ရောဂါရှာဖွေရေးဌာန၊ ခွဲစိတ်ခန်းများ၊ အထူးကြပ်မတ်ကုသခန်းများ၊ ခွဲစိတ်ကုသဆောင်၊ အစည်းအဝေးခန်းမနှင့် အခပေးလူနာခန်းများကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ မှာကြားသည်။

အဆိုပါဖွင့်လှစ်သည့် ငါးထပ် ကုသဆောင်သစ်သည် (၂၄၀ x ၆၇) ပေ အကျယ်အဝန်းရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၃)အား လုပ်ငန်းအပ်နှံ၍ ၂၀၂၁ ခုနှစ် ဧပြီ ၂၀ ရက်တွင် စတင်ဆောက်လုပ်ခဲ့ကာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင်လုပ်ငန်းများ ပြီးစီးခဲ့သည်။ စီမံကိန်းတန်ဖိုး ငွေကျပ် ၄၇၃၅ ဒသမ ၇ သန်း အကုန်အကျခံ တည်ဆောက်ခဲ့ပြီး အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲခန်း၊ ခွဲစိတ်ခန်းခုနစ်ခန်းနှင့် အထူးကြပ်မတ် ကုသဆောင်(ICU)၊ ခွဲစိတ်လူနာကုသဆောင်၊ သားဖွားမီးယပ် လူနာကုသဆောင်၊ အစည်းအဝေးခန်းများနှင့် သီးသန့်လူနာခန်းများ ပါဝင်ကာလူနာများ အဆင်ပြေစေရေးအတွက် ဓာတ်လှေကား နှစ်စင်းလည်း တပ်ဆင်ထားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကုသရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့်အဖွဲ့သည် ပြည်သူ့ဆေးရုံပန်းတောင်းမြို့ နှစ်ထပ်ကုသဆောင်သစ် ဖွင့်လှစ်ပွဲသို့ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကာ မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟက ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ လက်ဆောင်များကို နေရာအရောက်ပေးအပ်ပြီး နှစ်ထပ်ကုသဆောင်သစ်ကို လှည့်လည်ကြည့်ရှုကြသည်။

အဆိုပါဖွင့်လှစ်သည့် နှစ်ထပ်ကုသဆောင်သစ်သည် (၁၂၀ x ၅၆) ပေ အကျယ်အဝန်းရှိပြီး ၂၀၁၉ ခုနှစ်တွင် စတင်ဆောက်လုပ်ကာ ၂၀၂၃ ခုနှစ် မတ်လတွင်လုပ်ငန်းများ ပြီးစီးခဲ့သည်။ စီမံကိန်းတန်ဖိုး ငွေကျပ် ၃၈၈ ဒသမ ၃၀၄ သန်း အကုန်အကျခံတည်ဆောက်ခဲ့ပြီး အရေးပေါ်ဌာန၊ သွားနှင့်ခံတွင်းဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန၊ မွေးကင်းစ ကလေးကုသဌာန၊ ခွဲစိတ်ခန်း နှစ်ခန်း၊ မွေးဖွားခန်း၊ ဆေးပေးခန်း၊ လူနာဆောင်၊ ရုံးခန်းနှင့် ဆေးစတိုများပါဝင်ကြောင်း သိရသည်။

သတင်းစဉ်