Skip to main content

မြို့တွင်းရေဝပ်သည့်နေရာများအား ရေနုတ်မြောင်းများနှင့် ရေဆင်းစနစ်များ ပြုပြင်ဆောင်ရွက်ပေး နိုင်ရေး ကချင်ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား   စက်တင်ဘာ  ၁

ကချင်ပြည်နယ်အတွင်း သြဂုတ် ၃၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်မြစ်ကြီးနား မြို့ပေါ်ရပ်ကွက် များအတွင်း ရေဝပ်တင်ကျန်နေမှုအခြေအနေများနှင့်ပတ်သက်ပြီး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရေဝပ်တင်ကျန် သည့်နေရာများ၊ ရေနုတ်မြောင်းများနှင့် ရေဆင်းစနစ်များ ပြုပြင်ဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝပ်တင်ကျန်လျက် ရှိသည့် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်အတွင်းရှိ စက်မှုဇုန်နှင့်မုန်ကျိန်အပိုင်း၊ သီတာရပ်ကွက်အတွင်း လူမှုဝန်ထမ်းရုံးနှင့် မူလတန်းကြိုကျောင်း၊ ကညနရုံးလမ်း၊ ဒူကထောင်ရပ်ကွက် နယ်မြေ (၁၄)နှင့် (၅)၊ မြို့သစ်ကြီးရပ်ကွက် အေးမြသာယာ ဈေးလမ်းနှင့် ကွက်သစ်အပိုင်းတို့တွင် ရေဝပ်တင်ကျန်နေမှုကြောင့်  လူနေအိမ်များအတွင်း ရေဝင်ရောက်မှုအခြေအနေကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ရပ်ကွက်များအတွင်း ရေဝပ်တင်ကျန်နေမှု အခြေအနေကို စစ်ဆေးတိုင်းတာ ဆောင်ရွက်သွားရေး၊ ပင်မရေနုတ်မြောင်းမကြီးများ အပါအဝင် လက်တံမြောင်းများ၏ ရေဆင်းစနစ် မှန်ကန်မှုရှိစေရေးကို စနစ်တကျ ကွင်းဆင်းတိုင်းတာ စစ်ဆေးပြီး ရေရှည်အတွက် စီမံကိန်းရေးဆွဲဆောင်ရွက်သွားကြရေး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြို့သစ်ကြီးရပ်ကွက်အတွင်း ပင်မရေနုတ်မြောင်းအမှတ် (၄)တွင် ရေစီးဆင်းမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ၏ မြစ်ကြီးနားမြို့ ပေါ်ရပ်ကွက်များအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ပင်မမြောင်းကြီးများ ဖြတ်သန်းစီးဆင်းမှု အခြေအနေနှင့် ရပ်ကွက်များအတွင်းရှိ ရေဝပ်ဧရိယာများကို လက်တံမြောင်းများမှတစ်ဆင့် ပင်မမြောင်းများအတွင်း စီးဝင်နိုင်မှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး ခေမာသီရိရပ်ကွက်၊ ရမ်ပူရပ်ကွက် အနော်ရထာလမ်း၊ ကျွန်းပင်သာရပ်ကွက် အမကမူလွန် ကျောင်းဝင်းနှင့် ပရဟိတဘုန်းတော်ကြီး ကျောင်းဝင်းများ၊ ရှမ်းစုတောင် ရပ်ကွက် အတွင်း မိုးရေဝပ်သည့် မြေနိမ့်ပိုင်းနေရာများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များအတွင်း ရေဝပ်တင်ကျန်မှုမရှိစေရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ပင်မကျောက်စီရေနုတ် မြောင်းမကြီး (၅)ခု အပါအဝင် ရေနုတ်မြောင်းငယ်များဖြင့် ဘဏ္ဍာ နှစ်အလိုက် အဆင့်မြင့်တင် ဆောင်ရွက်ပေးလျက်ရှိသော်လည်း ယမန်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုသည် မိုးရေချိန်လက်မ ၇.၇၆  လက်မ ရှိသဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ လူနေအိမ်များတွင် မိုးရေ များဝင်ရောက်တင်ကျန်မှုဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ပြည်နယ်(ပြန်/ဆက်)