နေပြည်တော် ဒီဇင်ဘာ ၃၀
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း၌ နေပြည်တော်ပြည်ထောင်စုနယ်မြေတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ဓာတ်အားစဉ်ဆက်မပြတ်ရရှိစေရေး စီစဉ်ဆောင်ရွက် ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေပြည်တော်ပြည်ထောင်စုနယ်မြေ၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင်စည်ပင် ရိပ်သာ(၁)သို့ ဓာတ်အားပေးထားမှုနှင့် အရန်ဓာတ်အားပေးစက်များ နေရာချထားရှိမှုကို စစ်ဆေးပြီး စမ်းသပ်မောင်းနှင်စစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လွတ်လပ်ရေးအခမ်းအနား ကျင်းပမည့်နေရာများတွင် ဒီဇယ်ဓာတ်အားပေးစက်များ နေရာချတပ်ဆင်ထားမှု၊ ဝန်ထမ်းများတာဝန်ချထားမှု၊ ဝန်အားစမ်းသပ် မောင်းနှင်မှုများပြုလုပ်ကာ အခမ်းအနားတွင် ဓာတ်အားစဉ်ဆက်မပြတ်ရရှိရေး အထူးအလေးထား ဆောင်ရွက်သွားကြရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် နေပြည်တော်ရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ်(၃)တွင် ၁၁ကေဗွီဖီဒါများဖြင့် ဓာတ်အားဖြန့်ဖြူးနေမှု၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ ကြံ့ခိုင်ထိန်းသိမ်းရေး ဆောင်ရွက် ထားမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးရာ အင်ဂျင်နီယာချုပ် ဦးမိုးသက်က ဓာတ်အားခွဲရုံ ဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ဓာတ်အားပြတ်တောက်မှုနည်းပါးစေရေး ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ပုံမှန်ရှင်းလင်း ခုတ်ထွင်သွားရန်နှင့် ဓာတ်အားခွဲရုံရှိ ထရန်စဖော်မာနှင့် ဓာတ်အားလွှတ်ပစ္စည်းများ ပုံမှန်စစ်ဆေး၍ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် အခြားလိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်