နေပြည်တော် ဒီဇင်ဘာ ၃၀
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးဦးအေးထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်ရှိ အင်တိုင်းသာကျောင်းတိုက်နှင့် သရက်ခုံကျောင်းတိုက်တို့တွင်ကျင်းပသော ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ လယ်ဝေးမြို့ အင်တိုင်းသာကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥတ္တမသာရနှင့် သရက်ခုံကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္ဒမာလာတို့ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ် တရားတော်များကို နာယူကြည်ညိုပြီး ပြည်ထောင်စု ဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဥပ္ပါတသန္တိ ပါဠိဝတ်ရွတ်စဉ်စာအုပ်များကို ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ လယ်ဝေးမြို့ အင်တိုင်းသာကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥတ္တမသာရနှင့် သရက်ခုံကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္ဒမာလာတို့က အနုမောဒနာတရား ဟောကြားချီးမြှင့်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေပြီး အခမ်းအနားကို ရုပ်သိမ်းသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အင်တိုင်းသာကျောင်းတိုက်နှင့် သရက်ခုံကျောင်းတိုက် အတွင်း/ အပြင်၌အမှိုက်သိမ်း သန့်ရှင်းရေးဆောင်ရွက်နေသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန ဝန်ထမ်းများကို ကြည့်ရှု အားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေပြည်တော်လယ်ဝေးမြို့နယ် အေလာသရက်တောပရိယတ္တိစာသင်တိုက်တွင် အသံမစဲဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်တော်မူသည့် ဆရာတော်သံဃာတော်များကို သွားရောက်ကြည်ညိုပြီး ဥပ္ပါတသန္တိပါဠိတော်ဝတ်ရွတ်စဉ် စာအုပ်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိဓမ္မာရုံ၌ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်နေသော ဆရာတော်သံဃာတော်များကို သွားရောက်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ဥပ္ပါတသန္တိပါဠိတော်ကို နိုဝင်ဘာ၅ ရက်မှစ၍ ၁၀၈ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်လျက်ရှိရာ ယနေ့အထိ ၅၆ ရက်မြောက် ရွတ်ဖတ်ပူဇော်လျက်ရှိကြောင်းနှင့် နေပြည်တော်တွင် အသံမစဲဥပ္ပါတသန္တိပါဠိတော်ကို ဆက်လက်ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်