ရန်ကုန် ဒီဇင်ဘာ ၃၀
စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန့်စင်သည် တာဝန်ရှိသူများနှင်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနနှင့် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင်အမှတ် (၀၃၂) တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးသန့်စင်နှင့်အဖွဲ့အား အထွေထွေမန်နေဂျာ (CNG) က ရန်ကုန်တိုင်းဒေသကြီးအတွင်း CNG အရောင်းဆိုင် ၄၁ ဆိုင်၊ ယာဉ်စီးရေ ၂၆၉၇၃ စီး၊ မန္တလေးတိုင်းဒေသကြီးတွင် CNG အရောင်းဆိုင်နှစ်ဆိုင်၊ ယာဉ်စီးရေ ၇၄၂ စီး၊ မကွေးတိုင်း ဒေသကြီးတွင် CNG အရောင်းဆိုင် ၃ ဆိုင်၊ ယာဉ်စီးရေ ၅၈၆ စီး၊ CNG အရောင်းဆိုင်စုစုပေါင်း ၄၆ ဆိုင်မှ CNG ယာဉ်စီးရေစုစုပေါင်း ၂၈၃၀၁ စီးကို နေ့စဉ်ကုန်းတွင်းနှင့် ကမ်းလွန်မှထုတ်လုပ်ရရှိသည့် သဘာဝဓာတ်ငွေ့ကုဗပေသန်း ၂၀ ခန့်အား ထိန်းညှိဖြန့်ဖြူးပေးနေသည့်အခြေအနေများ၊ ရန်ကုန်မြို့ရှိ သဘာဝဓာတ်ငွေ့အရောင်းဆိုင်များတွင် CNG ယာဉ်များ တန်းစီစောင့်ဆိုင်း ဝယ်ယူဖြည့်သွင်းခဲ့ရသည့် အခြေအနေများနှင့် လအလိုက် တန်းစီစောင့်ဆိုင်းရမှု လျှော့ချဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းသဘာဝ ဓာတ်ငွေ့တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ်များသို့ ပိုမိုတိုးမြှင့် ဖြန့်ဖြူးပေးနိုင်မည်ဆိုပါက ပြည်ပမှတင်သွင်းနေရသော စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်သဖြင့် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းသက်သာစေသည့်အပြင် ခရီးသွားပြည်သူများအတွက်လည်း ယာဉ်စီးနင်းခဈေးနှုန်း သက်သာစေမည်ဖြစ်ကြောင်း၊ ယခင်က ရန်ကုန်မြို့ရှိ CNG အရောင်းဆိုင်များတွင် မော်တော်ယာဉ်များ တန်းစီစောင့်ဆိုင်းဝယ်ယူခဲ့ကြရသော်လည်း ယခုအချိန်တွင် တန်းစီစောင့်ဆိုင်းရသည့်မော်တော်ယာဉ် စီးရေသိသိသာသာ လျော့နည်းလာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် အထွေထွေမန်နေဂျာနှင့် ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် CNG ယာဉ် များတွင် တပ်ဆင်အသုံးပြုသည့် CNG Cylinder အိုးများ သတ်မှတ်ထားသည့်ကာလများအတိုင်း စနစ်တကျစမ်းသပ်စစ်ဆေးသွား နိုင်ရေးနှင့် သက်တမ်းပြည့်ပြီး CNG Cylinder အိုးများအသစ်လဲလှယ်ပေးနိုင်ရေး အလေးထားစီမံဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်းမှာကြားပြီး အများပြည်သူများ အန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရန် ခေတ်မီစက်ကိရိယာများဖြင့် CNG အိုးများစမ်းသပ် စစ်ဆေးနေသည့် CNG Retest Factory အလုပ်ရုံကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ဆက်လက်၍ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင် အမှတ် (၀၃၂) သို့ ရောက်ရှိရာတာဝန်ရှိသူများ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် နှစ်အလိုက် စက်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေးဆွဲထားသည့် Standard Operating Procedure (SOP) များအား အလေးထားလိုက်နာဆောင်ရွက် ကြရန်ဖြစ်ကြောင်း၊ စက်များကြံ့ခိုင်ကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဘဏ္ဍာငွေခွင့်ပြုရရှိမှုအပေါ်မူတည်ပြီး နှစ်အလိုက်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန်ဖြစ်ကြောင်း မှာကြားပြီး CNG သုံး မော်တော်ယာဉ်များ ဓာတ်ငွေ့ဖြည့်တင်းနေမှု၊ Computer စနစ် ဖြင့် ဓာတ်ငွေ့ရောင်းချနေမှု၊ CNG စက်ပစ္စည်းများ ထိန်းသိမ်းမောင်းနှင်မှု၊ Daughter CNG အရောင်းဆိုင်များတွင် အသုံးပြုရန်အတွက် Jumbo Tube တွဲများ ဓာတ်ငွေ့ဖြည့်တင်းနေမှုများနှင့် ဓာတ်ငွေ့ဖြည့်တင်းနေသော ခရီးသည်တင် YBS ယာဉ်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်