နေပြည်တော် ဒီဇင်ဘာ ၂၉
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ဒီဇင်ဘာ ၂၆ ရက်မှ ၂၉ ရက်ထိ ရန်ကုန်တိုင်းဒေသကြီး၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့သို့ သွားရောက်၍ မြန်မာ့မီးရထား ထောက်ပံ့ဌာန(ရန်ကုန်)၊ မော်လမြိုင်ဘူတာကြီး၊ ကွန်ကရစ် ဇလီဖားစက်ရုံ(မုတ္တမ)၊ စက်ခေါင်းပြင်စက်ရုံ(မုတ္တမ)၊ စက်ခေါင်းပြင်စက်ရုံ (မော်လမြိုင်)နှင့် ရန်ကုန် - မော်လမြိုင် ရထားလမ်းပိုင်းရှိ သံလွင်တံတား (မော်လမြိုင်)ရှိ ရထားလမ်းကြံ့ခိုင်မှုတို့ကို စစ်ဆေးသည်။
ဆွေးနွေးမှာကြား
ဦးစွာ ဒုတိယဝန်ကြီးသည် မြန်မာ့မီးရထား ထောက်ပံ့ဌာန(ရန်ကုန်) သို့သွားရောက်၍ စတို ပစ္စည်းများ ထိန်းသိမ်းထားရှိမှုကိုကြည့်ရှုပြီး သတ်မှတ်လုပ်ငန်းစဉ်အတိုင်း စတိုပစ္စည်းများကို လက်ခံထုတ်ပေးခြင်းများ ပြုလုပ်သွားရန် ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရန်ကုန် - မော်လမြိုင် ရထားလမ်းပိုင်းရှိ သံလွင်တံတား (မော်လမြိုင်)၏ ကြံ့ခိုင်မှုအခြေအနေကို RBE ရထား ဖြင့် လိုက်ပါစီးနင်းစစ်ဆေးခဲ့ပြီး ပင်မတံတားရှိ ဆွေးမြည့်နေသည့် သစ်သားဇလီဖားများ စစ်ဆေးလဲလှယ်သွားရန် မှာကြားသည်။
စစ်ဆေး
ထို့နောက် ဒုတိယဝန်ကြီးသည် မော်လမြိုင်ဘူတာသို့ သွားရောက်၍ မော်လမြိုင်မှ ရန်ကုန်သို့ ထွက်ခွာမည့် အမှတ် (၈၂)အစုန် လူစီးအမြန်ရထားကိုလည်းကောင်း၊ ကွန်ကရစ်ဇလီဖားစက်ရုံ (မုတ္တမ)တွင် ကွန်ကရစ်ဇလီဖား၊ သံလမ်းထိန်းကလစ်များနှင့် ရထားလမ်းဆိုင်းဘုတ်ထုတ်လုပ်နေမှု ကိုလည်းကောင်း၊ စက်ခေါင်းပြင်စက်ရုံ(မုတ္တမ)နှင့် စက်ခေါင်းပြင်စက်ရုံ(မော်လမြိုင်)တို့ကို လည်းကောင်း သွားရောက်စစ်ဆေးခဲ့ပြီး စက်ခေါင်းများပြုပြင်ရာတွင် သတ်မှတ်ထားသည့် Scheduleအတိုင်း စနစ်တကျကောင်းမွန်အောင်ပြုပြင်ရန်၊ Spare Parts များ လုံလောက်မှုရှိစေရန်နှင့် စက်ရုံရှိ စက်ကိရိယာပစ္စည်းများ ရေရှည်ကြံ့ခိုင်ကောင်းမွန်စေရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး စနစ်တကျစီမံဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်