Skip to main content

မြောက်ဦးမြို့ မြောင်းဘွေကျေးရွာအနီးဝန်းကျင်နှင့် ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာနှစ်ရွာကို တပ်မတော်မှလေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် အရပ်သားများသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိဟု ကောလာဟလသတင်းများကို လူမှုကွန်ရက်စာမျက်နှာများတွင် ဖြန့်ဝေလျက်ရှိ

နေပြည်တော် ဒီဇင်ဘာ ၂၉

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် မြောင်းဘွေ ကျေးရွာအနီးပတ်ဝန်းကျင်ကို ဒီဇင်ဘာ ၂၈ ရက်တွင် တပ်မတော်က လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အရပ်သားငါးဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် RFA မှ ကောလာ ဟလသတင်းများကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးတွေ့ရှိချက်အရ AA သောင်းကျန်းသူအဖွဲ့သည် မြောင်းဘွေရဲစခန်းနေရာအား Drone များအသုံးပြု၍ အဝေးမှလာရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက Drone Gun များဖြင့် တန်ပြန်အသုံးပြု တိုက်ခိုက်ခဲ့မှုကြောင့် ၎င်းတို့၏ Drop ဗုံးသီးများ ဝန်းကျင်ကျေးရွာများအနီး ကျရောက်ပေါက်ကွဲခြင်းများရှိကြောင်းနှင့် တပ်မတော်မှ ၎င်းရက်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်းမရှိကြောင်း သိရှိရသည်။

အလားတူ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာနှစ်ရွာကို ဒီဇင်ဘာ ၂၈ ရက် ညပိုင်းတွင်တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူငါးဦး သေဆုံးပြီး ကလေးငယ်နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media မှ ကောလာဟလသတင်းများကို လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေမှ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်း ချက်အရ ဘူးသီးတောင်မြို့နယ်အတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား AA သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူများနေထိုင်ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်းသိရှိရပြီး အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုမရှိကြောင်း သိရှိရသည်။

အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများအနေဖြင့် AA သောင်းကျန်းသူအဖွဲ့၏ လုပ်ရပ်များကို ဖုံးကွယ်ပေးရန်၊ နိုင်ငံတကာစာမျက်နှာများတွင် တပ်မတော်၏ ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် ဒေသခံတိုင်းရင်းသားပြည်သူများမှ တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန် တစ်ဖက်သတ်စွပ်စွဲကာ သတင်းမှားများ လုပ်ကြံဖန်တီးရေးသား ဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်