Skip to main content

လာမည့်မတ်လတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် နိုင်ငံတော်အဆင့်ကျင်းပသည့် စာမေးပွဲဖြစ်ပြီး KG+12 စနစ်သစ်ပညာရေး၏ ပထမဦးဆုံး တက္ကသိုလ်ဝင်စာမေးပွဲဖြစ်၍ ညီညီညွတ်ညွတ်ဆောင်ရွက်ကြရမည်

နေပြည်တော် ဒီဇင်ဘာ ၂၉

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပညာရေးဝန်ကြီးဌာန၏ (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာ မိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လာမည့်မတ်လတွင် ကျင်းပမည့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲသည် နိုင်ငံတော်အဆင့်ကျင်းပသည့် စာမေးပွဲဖြစ်ပြီး KG+12 စနစ်သစ်ပညာရေး၏ ပထမဦးဆုံး တက္ကသိုလ်ဝင်စာမေးပွဲဖြစ်၍ စနစ်တကျအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံပညာကဏ္ဍနှင့် အဆင့်မြင့်ပညာကဏ္ဍရှိ ဆရာ ဆရာမများ၊ တာဝန်ရှိသူများအနေဖြင့် ကျရာတာဝန်များကို ညီညီညွတ်ညွတ်လက်တွဲ၍ အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

အဆင့်မြင့်ပညာကဏ္ဍနှင့် စပ်လျဉ်း၍ တက္ကသိုလ်များ၏အရည်အသွေးရှိသော ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြုသုတေသနစာတမ်းများသည် နိုင်ငံအတွက် အလွန်တန်ဖိုးကြီးမားပါကြောင်း၊ သုတေသနလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်နေကြရမည် ဖြစ်ပါကြောင်း၊ တက္ကသိုလ်ပါမောက္ခချုပ်များအနေဖြင့် လာမည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည့် ပညာရေးဝန်ကြီးဌာန၏ (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အဆိုပါညီလာခံတွင် တက္ကသိုလ်အလိုက် ပြခန်းများပြသဆောင်ရွက်ရာတွင် မိမိတို့တက္ကသိုလ် သမိုင်းအကျဉ်းချုပ်ဖော်ပြရန်နှင့် ဆောင်ရွက်နေသည့် သုတေသနလုပ်ငန်းစဉ်များနှင့် ဆောင်ရွက်နေသည့် ပညာရေးလုပ်ငန်းစဉ်များကို ထိထိမိမိပြသဆောင်ရွက်စေလိုပါကြောင်း၊ မိမိတို့တက္ကသိုလ်အလိုက် စာရင်းအချက်အလက်များကို စနစ်တကျထိန်းသိမ်းကြရန်နှင့် အဆင့်မြင့်ပညာ ဦးစီးဌာနနှင့်ချိက်ဆက်၍ သတင်းအချက်အလက် မှန်ကန်တိကျရေး ဆောင်ရွက်ကြစေလိုပါကြောင်း၊ ရုံးစာများထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာမိုးဇော်ထွန်းက တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် စာစစ်ဌာနများ အဆင်ပြေချောမွေ့စွာ ဖြေဆိုဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ပြောကြားသည်။

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပြခန်းများပြသမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး MSME အထောက်အကူပြု သုတေသနများကို အလေးထားဆောင်ရွက်ရေး တိုက်တွန်းပြောကြားသည်။

ယင်းနောက် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းတို့က လိုအပ်သည်များကို အကြံပြုဆွေးနွေးပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။        

သတင်းစဉ်