Skip to main content

PDF အမည်ခံအကြမ်းဖက်သမားများက ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံး၊ ၂ ဦး ဗုံးစ ထိမှန်ဒဏ်ရာများရရှိ

နေပြည်တော် ဒီဇင်ဘာ ၂၉

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အချို့၌ PDF အမည်ခံ အကြမ်းဖက်သမားများက စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများသွားလာရာ လမ်းတံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်း၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဒီဇင်ဘာလ ၂၈ ရက် ညနေ ၄ နာရီခွဲခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြင်းစီးကျေးရွာအတွင်းသို့ ကျေးရွာ၏ အနောက်ဘက် မီတာ ၃၅၀၀ ခန့်အကွာရှိ မအူပင်(အရှေ့) ကျေးရွာဘက်မှနေ၍ Drone အသုံးပြုပြီး Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သည်။ ထိုသို့ Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာအတွင်းရှိ အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများအား အကြောက်တရားများ လွှမ်းမိုးလာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် PDF အမည်ခံ အကြမ်းဖက်သမားများကို ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။